Tuesday, January 24, 2012

သမား၏ သောက

ဆေးပညာဆည်းပူးလေ့လာရခြင်း၏ စိတ်ဖိစီးမှုများအား ယခင်ကပင် ကောင်းစွာမှတ်တမ်းပြုခဲ့ကြသည့် အထောက်အထား များစွာရှိပါသည်။ ဆေးပညာသင်သားတို့အနေဖြင့် ရရှိသည့်ပညာသင်ချိန်နှင့် မနိုင်ရင်ကန်ဖြစ်လောက်အောင် များပြားလှသည့် ပညာရပ်ဆိုင်ရာများကို မှတ်သားသင်ယူနေရခြင်း၊ အချိန်နာရီကြာမြင့်စွာ အလုပ်ခွင်တွင်ရှိနေရခြင်း၊ ရံဖန်ရံခါ ဆေးရုံဆောင်များအတွင်း လှည့်လည်စမ်းသပ်ကုသမှုအပေါ် (လူအချို့ က၊ ဥပမာ အစောင့်ဝန်ထမ်းက) အခွင့်ကောင်းယူ အလွဲသုံးစားမှုများပြုနေခြင်းကို မြင်တွေ့နေရခြင်း၊ နှင့် လူနာအချို့ တို့၏ အခံမရပ်နိုင်အောင်ခံစားနေရမှု နှင့် အသက်ဆုံးရှုံးရမှုအား သိမြင်ကြုံတွေ့နေရခြင်း ဟူသည့်အနိဋ္ဌာရုံများအား ရင်ဆိုင်နေကြရပါသည်။ (Bourgeois et al., 1993; Lubitz and Nguyen, 1996; Silver and Glicken, 1990)

ဆေးပညာသင်ယူမှုအား "လက်လွတ်စပယ် အလွဲသုံးစားပြုတတ်သော မိသားစုစနစ်" ဟု သမုတ်ခေါ်ဝေါ်ခံနေရခြင်းက ဆေးပညာရှင်တို့အပေါ် (ဝေဒနာခံစားနေရသူတို့၏) မယုံသင်္ကာဖြစ်မှုကိုတိုးပွားစေခြင်း၊ "သနားကြင်နာမှု စာနာမှုကင်းမဲ့ကြသူများ" အဖြစ်ကင်ပွန်းတပ်ခံရခြင်းတို့မှသည် ဆေးသမားတော်တို့အနေဖြင့် မိမိကိုယ်မိမိ မယုံတ၀က် ယုံတ၀က် ယုံရခက်ကြီးဖြစ်လာကြသည်(McKegney, 1989:452)။ ဆေးပညာလေ့လာသင်ယူရခြင်းမှရရှိခဲ့သည့် များစွာသော စိတ်ဖိစီးမှုများသည် ဆေးပညာရှင်တို့၏ ကာယသုခ၊ စိတ္တသုခ နှင့် လုပ်ငန်းစွမ်းဆောင်ရည်များအပေါ် မလိုလားအပ်သည့် နာတာရှည်ဆိုးကျိုးများဖြစ်ပေါ်စေမှုနှင့် ဆက်နွယ်နေပေသည်။(Baldwin et al., 1997b; Shanafelt et al., 2002) ။ ထို့အပြင် ဆေးသမားတော်များစွာတို့၌ စိတ်ဖိစီးမှုဖြစ်စေသည့် အရာများအပေါ်လိုက်လျောညီထွေမှု မရှိသည့် တုန့်ပြန်မှုများ (အရက်သေစာသောက်စားခြင်းကဲ့သို့) ပေါ်ပေါက်လာလေ့ရှိခြင်းသာမက ၄င်းတို့ကိုယ်တိုင်၏ကျန်းမာရေးအပေါ် သင့်တော်သည့်စောင့်ရှောက်မှုရယူရန် စီစဉ်မှုမရှိကြကြောင်း တွေ့ရသည်(Baldwin et al., 1997a; Martin, 1986)

ဆေးကျောင်းသို့ ၀င်ရောက်လာသော ကျောင်းသားများစွာတို့တွင် ပို၍ပို၍တိုးလာသော စိတ်ဖိစီးမှုများရှိလာကြကာ၊ ထိုစိတ်ဖိစီးမှုသည် ဆေးပညာသင်ယူနေသည့် (၄)နှစ်တာကာလလုံးလုံး (စာရေးသူတို့နိုင်ငံတွင် ဆေးကျောင်း ၄နှစ်တက်ရခြင်းဖြစ်မည်) အပြင် ဘွဲ့လွန်ပညာဆည်းပူးချိန်နှင့် သမားတော် အဖြစ်ဆေးကုသမှုပေးသည့် အချိန်တိုင်အောင် သူတို့ထံတွင်ရှိနေကြောင်း လေ့လာသုတေသနပြုမှုများစွာက မှတ်တမ်းပြုခဲ့ကြသည် (Clark and Zeldow, 1988; Rosal et al., 1997; Vitaliano et al., 1988) (Clark et al., 1984; Hendrie et al.,1990; Ramirez et al., 1995; Reuben, 1983; Shanafelt et al., 2002; Smith et al.,1986; Vitaliano et al., 1988, 1989)။ ထိုသို့မြင့်မားလာသော စိတ်ဖိစီးမှုများက ဆေးသမားတော်တို့အား စိတ်ပင်ပန်းနွမ်းနယ်စေကာ လူနာများအား ကုသမှုပေးရာတွင် အကောင်းဆုံး ကုသမှုမပေးနိုင်ဖြစ်ရကြောင်း နှင့် သမားတော်တို့အနေဖြင့်လည်း ပညာရပ်ဆိုင်ရာ ကျေနပ်နှစ်သက်မှုမရှိ ဖြစ်ရကြောင်း လေ့လာမှုများအရ သိရှိရသည် (Fields et al., 1995; Shanafelt et al., 2002) ထို့အပြင် ဆေးပညာသင်များစွာနှင့် ဆေးသမားတော်များစွာတို့သည် အလုပ်ခွင်မှစိတ်ဖိစီးမှုများအား အိမ်အထိ သယ်ဆောင်သွားကြကာ မိသားစုတွင်းဆက်ဆံရေးတင်းမာမှုများဖြစ်စေခြင်း၊ မိသားစုအတွင်း နွေးထွေးကြင်နာမှု နည်းပါးလာကာ အိမ်ထောင်ရေးအဆင်မပြေမှုများ များပြားလာခြင်း၊ စိတ်ဖိစီးမှုကြောင့်ဖြစ်ရသည့် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများဖြစ်သော ခေါင်းကိုက်ခြင်း၊ ခါးနာခြင်း၊ အားအင်ကင်းမဲ့ကာ နွမ်းနယ်ခြင်း၊ နှင့် ရင်ဘတ်အောင့်ခြင်းဝေဒနာများ ခံစားကြရတော့သည်(Geurts et al., 1999)

ဆေးကျောင်းများအနေဖြင့် ဆေးကျောင်းသားများစွာတို့၏ စိတ်ဖိစီးမှု၊ စိတ်သောကများ၊ ကသောင်းကနင်းဖြစ်မှုများအား ကာကွယ်နိုင်ရန်၊ မျှတစနစ်ကျသည့် ကိုယ့်ကိုယ်ကို စောင့်ရှောက်မှုများ ရယူနိုင်ရန် ဟူသည့် အရေးကိစ္စများ နှင့်စပ်လျဉ်းကာ ဆောင်ရွက်စရာ များစွာရှိပါသည်။ ဆေးကျောင်းသားများအား စိတ်ဖိစီးမှုစီမံခြင်းနှင့်စပ်လျဉ်း၍ တိတိကျကျ ပုံဖေါ်လေ့လာသုတေသနပြုထားချက်အရ ၄င်းတို့အား စိတ်ဖိစီးမှုလျော့ချသည့် နည်းပညာများသင်ပေးခြင်းက သူတို့၏စိတ်ပိုင်းဆိုင်ရာဖိစီးမှုနှင့် ပူပင်သောကများကို လျော့ချနိုင်ကြောင်း တွေ့ရှိရသည်။ ထိုနည်းပညာများအား သူတို့ဆေးကျောင်းသားဘ၀ တလျောက်လုံးနှင့် သမားတော်ဘ၀တွင်ပါ အသုံးချနိုင်ပေမည်။ ဆေးကျောင်းသားများအား စိတ်ဖိစီးမှုဖြစ်စေမည့် အန္တရာယ်ရှိသည့်အချက်များနှင့် ၄င်းတို့ကိုယ်တိုင်တွင် စိတ်ဖိစီးမှု စိတ်ဓာတ်ကျမှုဖြစ်လာမည့် သတိပြုဖွယ်ရာ လက္ခဏာများအား သင်ကြားပေးနိုင်သည် (Chang et al., 1997; Clark et al.,1984; Firth-Cozens, 2001; Linzer et al., 2001; McCranie and Brandsma, 1988;Shanafelt et al., 2003); ။ ထိုမှနေ၍ သမားတို့၏ ကျန်းမာသုခရစေမည့် နည်းနာများကို ဖေါ်ဆောင်ဖန်တီးနိုင်ရန် နှင့် မိသားစုတွင်းနွေးထွေး၍ ကျန်းမာမှုရှိစေရန်၊ သမားတို့၏ ဂုဏ်သိက္ခာနှင့် တန်ဖိုးအား ပြတ်ပြတ်သားသားမြင်လာစေရန်၊ နှင့် ၄င်းတို့၏ဘ၀တွင် မျှတကျန်းမာသည့်သုခများ ဖန်တီးနိုင်မည့် နည်းနာများအား လွတ်လပ်စွာ ဆွေးနွေးနိုင်စေရပါမည်။ ဤအရာများအား ဆေးကျောင်းသင်ရိုးညွှန်းတမ်း၏ အပိုင်းတစ်ခုအနေဖြင့် လည်းကောင်း၊ သင်ရိုးညွှန်းတမ်းပြင်ပ စွမ်းဆောင်မှုများ အဖြစ်လည်းကောင်း ပြုလုပ်နိုင်ပေသည်။

ကျောင်းသားများသည် ကိုယ်ရောစိတ်ပါ ကျန်းမာနေချိန်တွင် ကောင်းစွာသင်ယူမှုပြုနိုင်ကြသည်။ သူတို့ဆေးပညာသင်ယူနေချိန်တွင် ဘ၀တွင်မျှတကျန်းမာစွာနေထိုင်တတ်ရန် နှင့် ၄င်းတို့၏ စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာဝေဒနာများအား စောစီးစွာသတိပြုမိကာ ကာကွယ်နည်း ကုသနည်းများ တတ်မြောက်အောင် သင်ယူခဲ့ရမည်ဆိုပါက သူတို့၏ကျောင်းသားဘ၀တလျှောက်လုံးနှင့် ဆေးသမားတော်ဘ၀သို့တိုင် ကျန်းမာသုခနှင့်ရေရှည်ပြည့်စုံစေမည့် အလေ့အထကောင်းများကို ရရှိယူဆောင်လာနိုင်ခဲ့ကြမည်ဖြစ်ပါသည်။

Institute of Medicine of the National Academy မှ ၂၀၀၃ ခုနှစ်တွင် ထုတ်သည့်Enhancing the Behavioral and Social Science Content of Medical School Curricula စာအုပ်ပါ Physician Well-Being ကိုဘာသာပြန်ဆိုပါသည်။ Well-Being ဆိုသော်လည်း စိတ်သောကကို ဦးစားပေးရေးထားသဖြင့် သမား၏သောက ဟု ခေါင်းစဉ်တပ်လိုက်ပါသည်။

Read More...

Neonatal jaundice မွေးစကလေး အသားဝါခြင်း

ဆရာရှင့် သမီးအစ်မက ၂ဝ ရက်နေ့က မန္တလေးက (့) ဆေးရုံမှာ ယောက်ျားလေး မွေးခဲ့ပါတယ်ရှင့်။ ဘေးအခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းက ကလေးတွေက အသားဝါ ပါလို့ ဓာတ်ကင်တာကို တွေ့ ရပါတယ်။ အစ်မရဲ့ ကလေးကတော့ ၃ ရက်နေမှ သွေးဖောက်ကြည့်တော့ အသားဝါပါလို့ သွေးလဲရပါတယ်ရှင့်။ အဲဒါဟာ ဘာကြောင့်ပါလဲရှင့်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ စားသောက်နေထိုင်မှုနဲ့ ဆိုင်ပါသလားရှင့်။ ဒါမှမဟုတ် ကူးစက်မှုတစ်ခုလား။ မွေးလာမယ့် ကလေးမှာ အသားဝါ မပါအောင် ဘယ်လို လုပ်သင့်ပါသလဲရှင့်။

အသားဝါကို ခေါ်တဲ့ Jaundice (ဂျွန်းဒစ်) ဆိုတာ ပြင်သစ်စကားကနေလာတယ်။ ကလေးအရေပြားမှာ Bilirubin (ဘီလီရူဘင်) ခေါ်တဲ့ အရောင်ရှိ ဓါတ်တွေ များနေလို့ ဖြစ်တယ်။ လူတိုင်းမှာ ရှိတာပါဘဲ၊ ကလေးမှာ များနေလို့။

ကလေးတိုင်း ၅ဝ-၆ဝ% က မွေးပြီး တပါတ်အတွင်းမှာ အသားဝါကြတယ်။ မွေးစကလေး အသားဝါတာကို ဆေးစာနဲ့ Neonatal jaundice ခေါ်တယ်။ သွေးစစ်ကြည့်ရင် Bilirubin level က 85 umol/l (5 mg/dL) ထက် များနေတာ ဖြစ်တယ်။ လူကြီးတွေမှာတော့ 34 umol/l (2 mg/dL) ဆိုရင် အသားဝါနေတယ်လို့ ပြောတယ်။

Causes ဖြစ်စေတဲ့ အကြောင်းတွေက -
1. Increase bilirubin load on liver cells: အသဲ (ဆဲလ်) တွေမှာ (ဘီလီရူဘင်) များလာလို့၊
2. Defective hepatic uptake of bilirubin from blood plasma: သွေးထဲက (ဘီလီရူဘင်) တွေကို အသဲကနေ လုံလောက်အောင် မယူနိုင်လို့၊
3. Defective billirubin conjugation: (ဘီလီရူဘင်) ကို အသဲကနေ ပေါင်းစပ်ပေးမှုမှာ ချို့ယွင်းလို့၊
4. Defective bilirubin excretion (ဘီလီရူဘင်) တွေကို စွန့်ထုတ်ပြစ်တာ မနိုင်လို့ ဆိုတဲ့အကြောင်းတရားတွေကြောင့် အသားဝါရတယ်။

မွေးစကလေး အသားဝါတာ (၄) မျိုးရှိတယ်။
(၁) Physiological jaundice ဇီဝကမ္မဖြစ်စဉ်အရ ဖြစ်လာတာမျိုး၊ ဆေးကုစရာ မလိုပါ။ သန္ဓေသားဘဝက သွေးတွေကို အသစ်လဲရာကနေ သွေးနီဥတွေ ပျက်စီးတဲ့အခါ (ဟီမိုဂလိုဘင်) ထဲက (ဘီလီရူဘင်) တွေထွက်လာပြီး၊ သွေးထဲရောက်မယ်။ အသဲမှာ ပြောင်းလဲမှုတွေ လုပ်တယ်။ မလိုတာတွေ ဝမ်းထဲကနေ စွန့်ထုတ်တယ်။ အသဲကနေ (ဘီလီရူဘင်) ကို နိုင်အောင် မရှင်းနိုင်သေးလို့ ၂-၃ ရက်ဆို ဝါလာမယ်။ ၁-၂ ပါတ်နေရင် ကောင်းသွားမယ်။
(၂) Blood group incompatibility (Rh or ABO problems) သွေးအုပ်စုမတည့်လို့ဖြစ်တာ၊ မိခင်သွေးက မတူရင် ကလေးရဲ့သွေးနီဥတွေကို ဖျက်ဆီးတာမျိုးဖြစ်စေတယ်။ အဲလိုဖြစ်ရင် ကလေးသွေးထဲမှာ (ဘီလီရူဘင်) တွေ များလာတယ်။ ဆိုးတယ်။ ၂၄ နာရီအတွင်းမှာ သိသာလာမယ်။ Rh ကြောင့်ဖြစ်တာအတွက် အခုခေတ်မှာ မိခင်ကို ကလေးမွေးပြီး ၇၂ နာရီအတွင်း RhoGAM ထိုးပေးတယ်။ နောက်ကလေးတွေအတွက် ကာကွယ်ပြီးသား ဖြစ်သွားမယ်။
(၃) Breast-feeding jaundice နို့ဗူးတိုက်လို့ဖြစ်တဲ့ အသားဝါ၊ ကလေးကို နို့လိုသလောက် မတိုက်ရင်ဖြစ်မယ်။ အဲဒါမျိုးက ၅-၁ဝ% ရှိတယ်။ မွေးကာစကလေးတွေမှာ လူကြီးတွေလို အူထဲမှာ (ဗက်တီးရီးယား) မရှိသေးဘူး။ လူကြီးတွေဆိုရင် ပိုးတွေကနေ Conjugated bilirubin ဆိုတာကို Stercobilinogen အဖြစ်ပြောင်းပေးမယ်။ နောက်ဆုံး Stercobilin အနေနဲ့ ဝမ်းထဲမှာ ပါသွားတယ်။ ကလေးငယ်လေးတွေမှာ အဲလိုဖြစ်မလာနိုင်သေးဘူး။
(၄) Breast-milk jaundice မိခင်နို့တိုက်ရာကနေဖြစ်တာ ၁-၂% ရှိတယ်။ ၄-၇ ရက်မှာပြတယ်။ ၃-၁ဝ ပါတ်အထိ ကြာတယ်။ အန္တရာယ် မရှိပါ။ တချို့ မိခင်တွေရဲ့နို့ထဲမှာ Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်းနဲ့ဆိုင်တာ ပါနေတယ်။ ကလေးအူကနေ (ဘီလီရူဘင်) တွေကို ပြန်စုပ်ယူစေလို့ ဖြစ်ရတယ်။ နောက်ပြီး နို့ထဲမှာ Lipoprotein lipase ခေါ်တဲ့ (အင်ဇိုင်းမ်) ပါနေတယ်။ ဒါကနေ Bilirubin ဖြစ်စဉ်ကို ထိခိုက်စေတယ်။ ကလေးဝမ်းချုပ်ရင်လဲ ရှင်းထုတ်တာ နှေးလို့ ဖြစ်နိုင်တယ်။ ဗိုက်ထဲတုံးကတော့ အချင်းကတဆင့် စွန့်ထုတ်တာ လုပ်ပေးတယ်။

လမစေ့ဘဲမွေးတာနဲ့ ကိုယ်အလေးချိန် မပြည်တဲ့ကလေးတွေမှာ ပိုဖြစ်ကြရှာတယ်။ ကလေးအသားဝါရင် သွေးကို အချိန်တန်တိုင်း Bilirubin levels စစ်နေရမယ်။ သွေးထဲမှာ Unconjugated bilirubin ဆိုတဲ့ အသဲကနေ ပေါင်းစပ်ပေးတာ မလုပ်ရသေးတဲ့ (ဘီလီရူဘင်) အမျိုးအစားတွေ များနေမယ်။ မွေးကာစကလေးတိုင်း ပဌမပါတ်မှာ 30 µmol/L (1.8 mg/dL) မက ရှိကြတယ်။ များနေတာကို Hyperbilirubinemia ခေါ်တယ်။ ကလေးကို ထိခိုက်စေနိုင်တယ်။ ဆေးကုဘို့လို-မလို ကလေးအထူးကု ဆရာဝန်ကနေ ဆုံးဖြတ်ပါမယ်။

Pathological jaundice ဆေးကုစရာလိုတဲ့ အသားဝါဆိုတာ ၂၄-၄၈ နာရီအတွင်း တွေ့ရမယ်။ သွေးဆက်စစ်နေတဲ့အခါ -
- Total bilirubin က တနာရီမှာ 8.5 umol/l (0.5 mg/dL) ထက်များနေတာ၊
- Total bilirubin က ၂၄ နာရီမှာ (85 umol/l) 5 mg/dL ရှိနေတာ၊
- Total bilirubin 331.5 umol/l (19.5 mg/dL) မကရှိနေတာ၊
- Direct bilirubin 34 umol/l (2.0 mg/dL) မကရှိနေတာတွေဆိုရင် ဆေးကုရမယ်။

တခြားဖြစ်နိုင်ခြေတွေလဲ ထည့်တွက်ရမယ်။
- ဗိုက်ထဲမှာ ကလေးက ချို့ယွင်းချက် တခုခုရှိတာ။ ရောဂါပိုးဝင်တာ၊ Biliary atresia, PFIC, Bile duct paucity, Alagille's syndrome, Alpha 1 နဲ့ Cystic fibrosis or hepatitis အသဲရောဂါရှိနေရင်၊
- Hemolytic anemia, polycythemia သွေးအားနည်းရောဂါတွေနဲ့ သွေးရောဂါတွေ၊ Abnormal RBC သွေးနီဥ ပုံစံမမှန်ရင်၊
- Cephalohematoma မွေးတုံးက ခက်ခဲလို့ ခေါင်းထဲမှာ သွေးခဲတာ ဖြစ်နေရင်၊
- Rubella ဂျာမန် ဝက်သက်၊ Syphilis (ဆစ်ဖလစ်) စတဲ့ကူးစက်ရောဂါတွေ၊
- မိသားစုထဲမှာလဲ အဲလိုမျိုးရှိဘူးတာ၊ မအေမှာ ဆီးချိုရှိနေရင်၊ (ဆာလ်ဖါ) ဆေး၊ ငှက်ဖျားဆေး၊ လိင်ဟော်မုန်းတွေနဲ့ စိတ်ရောဂါဆေးတွေ၊ (ကလေး ၂ လအောက်ကို (ဆာလ်ဖါ) ပါတဲ့ဆေး မပေးရပါ။)

ဆေးစစ်ရင်
- Complete blood count
- Coomb's test
- Reticulocyte count တွေကို စစ်ဆေးနိုင်တယ်။

မွေးစကလေးတွေမှာ အသားဝါတိုင်း စိုးရိမ်စရာမလိုပါ။ ဆေးကုစရာမလိုတာ များတယ်။ ၃ ရက်နေရင် စသိသာပြီး ၁၄-၁၅ ရက်နေရင် ပျောက်သွားတာတယ်။ မျက်နှာကစ သိသာတယ်။ နောက် ရင်ပတ်၊ ဗိုက်၊ ခြေ-လက်၊ အကုန်ပါဘဲ။ မျက်လုံးကို ကြည့်ရင် သိမယ်။ လက်နဲ့အသာလေးဖိပြီး စစ်ဆေးရင် ဝါတာကို ပိုမြင်သာတယ်။ ရေတိုက်တာနဲ့ နေရာင် ပြပေးတာနဲ့ လုံလောက်ကြတာ များတယ်။ ၂-၃ နာရီတခါ၊ တနေ့မှာ ၁၂ ကြိမ် နို့တိုက်ပါ။ တချို့အခြေအနေမှာ မိခင်နို့ကို အတိုက်မခိုင်းဘူး။ ရေခဏခဏတိုက်ပေးပါ။ ဝမ်းသွားများတာ ကောင်းတယ်။ လိုအပ်ရင် ဝမ်းခြူပေးပါ။

Phototherapy အလင်းရောင်ပေး ကုသနည်းကို အင်္ဂလန် Rochford Hospital ဆေးရုံကနေ စသုံးခဲ့တယ်။ လမစေ့မွေးတဲ့ ကလေးတွေကို ပြုစုပေးတဲ့ သူနာပြုဆရာမကြီးကနေ စတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အရောင်ပါတဲ့ မီးချောင်းတွေ သုံးလာတယ်။ အပြာရောင်ကို အသုံးအများဆုံးဘဲ။ ကလေးမျက်စိကို ဖုံးထားရမယ်။ တနေ့မှာ ၁ဝ-၁၂ ကြိမ်၊ တခါလုပ်ရင် ၂-၃ နာရီကြာတယ်။ အလင်းရောင်ပေးကုသနေတုံးလဲ နို့တိုက်နိုင်တယ်။ တချို့ဆေးရုံတွေက ဒီအချိန်မှာ သွေးကြောထဲကနေ အဟာရဖြည့်တာသာ လုပ်ပေးတယ်။

သိပ်မဆိုးရင် အိမ်မှာတင် Biliblanket ကိုသုံးနိုင်တယ်။ Fiber optics နဲ့လုပ်ထားတယ်။ သဘာဝ နေရောင်ထဲက Ultraviolet light therapy ခရမ်းလွန်ရောင်ခြည်ကနေ မှဲ့ပေါက်မလား စိုးရိမ်ရတယ်။ Total serum bilirubin 428 umol/l (25 mg/dL) ထက် များတဲ့ကလေးကို Exchange transfusions သွေးလဲ ကုသပေးရတယ်။

ကလေးမှာ အသားဝါတာ သိပ်ကြာနေရင် Kernicterus ဦးနှောက်ထိခိုက်တဲ့ရောဂါ ဖြစ်နိုင်တယ်။ အမေရိကားမှာ ကလေး နှစ်သိန်းရှိရင် Kernicterus ဖြစ်တဲ့ကလေး ၃ ယောက်ရှိတယ်။ ယောက်ျားလေးတွေမှာ ပိုဖြစ်တယ်။ ကိုယ်ပူမယ်၊ တက်နိုင်တယ်။ ကလေးက တအား ငိုမယ်။ အသဲ နဲ့ ဘေလုံးကြီးနေမယ်၊ သွေးခြည်ဥလေးတွေ တွေ့မယ်၊ ခေါင်း (ဦးနှောက်) ငယ်နေမယ်။ တချို့လေးတွေမှာ Cerebral palsy မျက်နှာလေဖြတ်တာ နဲ့ Deafness နားမကြားတာလဲ ဖြစ်နိုင်တယ်။

မွေးမဲ့ကလေး ဆေးကုရမဲ့ အသားဝါ မဖြစ်အောင် ကိုယ်ဝန်ဆောင်တိုင်း Blood type သွေးအုပ်စု နဲ့ Unusual antibodies တွေ့နေကျ မဟုတ်တဲ့ (အင်တီဘော်ဒီ) တွေရှိ-မရှိ စစ်ထားသင့်တယ်။ သွေးအုပ်စုက O+ ဖြစ်နေတာလဲ သတိထားရတယ်။ Rh negative ဖြစ်နေရင် ကလေး ချက်ကြိုးကနေ စစ်တာ လုပ်သင့်တယ်။

Dr. တင့်ဆွေ
၂၃-၁-၂ဝ၁၂

Read More...

Wednesday, January 11, 2012

ပြည်သူ့ကျန်းမာရေးတွင် အစိုးရများ၏ အခန်းကဏ္ဍ

"ပြည်သူတို့၏ကျန်းမာရေးနှင့်လုံခြုံရေးကိုကာကွယ်ရန်၊ထိန်းသိမ်းရန်နှင့်မြှင့်တင်ရန်အစိုးရအဆင့်ဆင့်(ပြည်ထောင်စု၊လူမျိုးစု၊တိုင်းဒေသ၊ပြည်နယ်ဒေသ)တွင်အသီးသီးတာဝန်ရှိသည်”။ (Gostin, 2000, 2002)

အမေရိကန်ပြည်ထောင်စုတွင်ဒီမိုကရေစီ၏ပင်ကိုမူလသဘောအရဆိုလျှင်ပင်နိုင်ငံသားတို့၏ကျန်းမာရေးတွင်အစိုးရ၏တာဝန်ရှိမှုကအတိုင်းအတာတစ်ခုအထိရပ်တည်နေသည်။ကျန်းမာရေးအရာထမ်းများကိုပြည်သူတို့ကတိုက်ရိုက်ရွေးချယ်ခြင်း၊သို့မဟုတ်ပြည်သူတို့ရွေးကောက်တင်မြှောက်ထားသည့်ကိုယ်စားလှယ်များထဲမှရွေးချယ်ခန့်ထားခြင်းပြုရသည်။သို့အတွက်ကြောင့်ပင်နိုင်ငံသားတို့ကမိမိတို့၏ကျန်းမာရေးကိုအလေးထားသည့်နည်းတူ၊ကျန်းမာရေးအရာထမ်းတို့ကလည်းပြည်သူတို့၏ကျန်းမာရေးအတွက်အစိုးရ၏တာဝန်ရှိမှုကိုအလေးထားသည်။ပြည်သူ့ကျန်းမာရေးကိုအစိုးရကစောင့်ကြပ်ကြည့်ရှုနိုင်စွမ်း၊လိုအပ်ပါကဥပဒေများ၊စည်းကမ်းများ၊မူများချမှတ်ခြင်း၊ကျန်းမာရေးအတွက်နိုင်ငံဘဏ္ဍာငွေပိုမိုခွဲဝေသုံးနိုင်စေခြင်းများကိုအလေးထားဆောင်ရွက်ကာပြည်သူတို့၏ကျန်းမာရေးကိုလုံခြုံစိတ်ချမှုရှိအောင်မဖြစ်မနေကြိုးစားမှုပြုကြသည်။"

National Academy of Sciences မှ 2002 ခုနှစ်ကထုတ်ဝေသော The Future of the Public's Health in The 21st Century စာအုပ်ထဲမှ The Role of Governments in Public Health အပိုင်းတစ်ခု ဘာသာပြန်လိုက်ခြင်းဖြစ်ပါသည်။

Read More...

Monday, January 9, 2012

Lesions on penis ကျားအင်္ဂါ အနာများ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၁)

Mon, Jan 9, 2012 at 9:05 AM
ကျနော် ၃၃ နှစ်ရှိပါပြီ။ ကျနော့် ငယ်ပါမှာ တခါတလေ အရည်ကြည်ဖုလေးတွေ ပေါက်တတ်ပါတယ်။ အပူအအေးမမျှတဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ရင် ဆီးအောင့်တတ်ပါတယ်။ အများကြီးအောင့်တာတော့ မဟုတ်ဘူး။ အဖုလေးတွေ ဖောက်လိုက်ရင် အရေပြားပေါ်မှာ မိတ်တွေကို ဖောက်လိုက်ရင်ဖြစ်သလို ကျန်ခဲ့ပြီး ၂ ရက်လောက် ဆိုရင်တော့ ပျောက်သွားတတ်ပါတယ်။ အဲဒါဘာကြောင့်လဲ။

၁။ Genital herpes ကျားလိင်တံမှာ တခုမက အစုလိုက်နာတဲ့ အနာဆိုရင် ရေယုံ ဖြစ်နိုင်ပါတယ်။ လိင်တံမျာသာမက စအို နဲ့ တင်ပါးတဝှိုက်မှာလဲ ပေါက်တတ်ပါတယ်။ ဖြစ်ဖြစ်ချင်း တချို့မှာ ကိုယ်နဲနဲ ပူတတ်တယ်။ များသောအားဖြင့် STD/STI လိင်လမ်းကြောင်း ကတဆင့် ကူးစက်ရောဂါတမျိုး ဖြစ်တယ်။ ယောက်ျားတွေမှာ အဖြစ်များပေမဲ့ အမျိုးသမီးတွေမှာလဲ ဖြစ်နိုင်တယ်။

ရေယုံ ဟာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တာမို့ အတိအကျပြောရရင် ဆေးမနိုင်ပါ။ ကုသတာရဲ့ ရည်မှန်းချက်ဟာ အနေရအထိုင်ရ သက်သောအောင်၊ ဆက်မပွါးအောင်၊ သူများကို မကူးအောင်လုပ်ဘို့ပါ။ သန့်ရှင်းရေး လုပ်တာ ကောင်းတယ်။ အဝတ်အစား ဝတ်တာတာင် cotton underwear ကောင်းတယ်။ အတူနေတာ(ဆက်ဆံတာ) ကို ရှောင်ပါ။

Acyclovir (Zovirax), famciclovir (Famvir), or Valacyclovir (Valtrex) တွေဟာ ဗိုင်းရပ်စ်ဆေးတွေပါ။ နာတယ်ဆိုရင် အနာသက်သာဆေးတွေ Ibuprofen (Advil) or Acetaminophen (Tylenol) သောက်ရပါမယ်။ သဘာဝဆေးနည်း တွေထဲမှာ Red Marine Algae, Vir-L-Lysine, Choraphor, Aviralex, Aeura, H-Balm တွေပါတယ်။ Acyclovir က ဆေးပြား၊ ဆေးတောင့်၊ ဆေးရည်ရှိတယ်။ တနေ့ကို ၂-၅ ကြိမ်နဲ့ ၅-၁ဝ ရက်သောက်ရတယ်။ လိင်လမ်းမှာ ဖြစ်တာမျိုးကိုတော့ ၁ နှစ်အထိ ပေးရတာလဲရှိတယ်။

၂။ Wart အနာက မုံလာပွင့်လို သဏ္ဌာန်ဆိုရင် ကြွက်နို့ဖြစ်မယ်။ နောက်ဆက်တွဲ ပိုးထပ်ဝင်တာမရှိသ၍ မနာပါ။ နဲနဲ ယားတာ ပူတာမျိုးရှိတတ်ပါတယ်။ အရည်ထွက်တာမျိုးလဲရှိနိုင်တယ်။ ကြွက်နို့ကုဘို့ သတ်သတ်ရေးထားပါတယ်။ လိင်အင်္ဂါ ကြွက်နို့ Genital Warts ကိုဖတ်ပါ။

၃။ Syphilis ကျားလိင်တံမှာ တခုတည်းသော အနာ(အဖု)ဆိုရင် (ဆစ်ဖလစ်) ဖြစ်နိုင်ပါတယ်။ မနာတဲ့အနာ ကို Chancre (ရှန်ကာ) လို့ ခေါ်ပါတယ်။ ဒီအနာနဲ့တွဲပြီး ပေါင်ခြံမှာ အကြိတ်ထွက်လာပါမယ်။ ဒီအနာ၊ အကြိတ်တွေက ၃-၆ ပါတ်လောက်နေလို့ သူ့အလိုလို ပျောက်သွားတာဟာ ပိုးကင်းသွားတာ မဟုတ်ပါ။ သွေးစစ်ရင် VDRL ဆိုတာလုပ်ရလို့ + ဖြစ်ရင် Syphilis (ဆစ်ဖလစ်) ရှိတယ်လို့ ခေါ်တယ်။

Syphilis ကို ဘာလက္ခဏာမှ မပေါ်ဘဲ သွေးစစ်လို့ ရှိနေရင်လဲ တာရှည်ခံ (ပင်နစလင်) ထိုးဆေး Benzathine penicillin G ကို တခါထိုးရင် ၂့၎ ယူနစ် တပါတ်တခါ၊ ပေါင်း ၃ ခါ ထိုးရတယ်။

၎။ ကျားလိင်တံမှာ တခုမက ပန်းရောင်နဲ့ အရေပြားပေါ်ခပ်ဖေါင်းဖေါင်းလေးဖြစ်တာမျိုးက Molluscum contagiosum ခေါ်တဲ့ ဗိုင်းရပ်စ် ကြောင့်ဖြစ်ရတာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် မနာပါ။ တခါတလေ နာပြီး၊ ယားသလိုဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ဆေးတွေကို အားကိုးပါ။

၅။ Chancroid ကျားလိင်တံမှာ အနာတွေက တခုမကလဲရှိ နာလဲနာ၊ ပေါင်ခြံမှာလဲ အကြိတ်ရှိတာဆိုရင် (ရှန်ကာ) လို့ ခေါ်တယ်။ ၁ လက္မရဲ့ ရှစ်ပုံ ၁ ပုံကနေ ၂ လက္မထိရှိနိုင်တယ်။ နခမ်းသားတိတိကျကျရှိတယ်။ ညီညီညာညာမဟုတ်ဖူး။ ထိရင်၊ လှုတ်ရင် သွေးထွက်နိုင်တယ်။ မီးခိုးရောင် ဒါမှမဟုတ် ခပ်ဝါဝါနေမယ်။ ပဋိဇီဝဆေး Azithromycin, Ceftriaxone, Ciprofloxacin, and Erythromycin တွေက နိုင်တယ်။ ပေါင်ခြံအကြိတ်က လိုအပ်ရင် ခွဲစိတ်ရပါမယ်။

၆။ Crabs ကျားလိင်တံမှာ ခပ်မဲမဲအကွက်ကို သာမန်မျက်စိနဲ့ မမြင်ရသလောက်ရှိတာမျိုးက ရှာရှားပါးပါး (ခရက်ဘ်စ်) ခေါ်တာ ဖြစ်နိုင်တယ်။ အမွှးတွေမှာ ဥတွေရှိနေပါမယ်။ သူ့ကိုကြ မြင်ရတယ်။

၇။ Scabies ကျားလိင်တံမှာ အတော်ယားတဲ့ ခပ်နီနီ အနာတွေဟာ ယားနာပါ။ ဆေးတွေကတော့ Permethrin, Crotamiton နဲ့ Benzyl benzoate ဖြစ်ပါတယ်။

ဂ။ Abscesses ပေါင်ခြံမှာ တခြားနေရာတွေမှာ ပေါက်တာမျိုး (ဗက်တီးရီးယား)ကြောင့် ဖြစ်တဲ့ ရိုးရိုးပြည်တည်နာ လဲ ပေါက်နိုင်တယ်။ ပဋိဇီဝဆေးတွေက နိုင်ပါတယ်။

၉။ Cancer penis လိင်တံ မှာလဲ ကင်ဆာ ဖြစ်တယ်။ အမှန်ပြောရရင် ဘယ်နေရာမှာဖြစ်တဲ့ ကင်ဆာဖြစ်ဖြစ် ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ ကနေ့အထိ မသိသေးပါ။ လိင်တံကိုဖုံးတဲ့ အရေပြားအောင်မှာ အနံဆိုးဆိုး၊ ခပ်ပြစ်ပြစ် အညစ်အကြေးတွေရှိနေရင် ကင်ဆာဖြစ်စေတတ်တယ်။ တချိန်က ကြွက်နို့ဖြစ်ဘူးသူ၊ လိင်တံအရေပြားကို ငုံနေပါလျက် မလှီးဖြတ်ထားသူ၊ သန့်ရှင်းရေးနဲသူတွေဟာလဲ ကင်ဆာ ဖြစ်စေတတ်တယ်။

အနာလိုလို အလုံးလိုလို အကြိတ်အခဲလိုလိုစ ဖြစ်တာပါ။ ကြွက်နို့နဲ့လဲတူတယ်။ မုံလာပွင့်လိုနေတယ်။ ဖြစ်ရင် မနာတာက များတယ်။ နောက်ကြမှ သွေးထွက်တာ၊ နာတာတွေဖြစ်လာတယ်။ လိင်တံရဲ့ထိပ်ပိုင်းမှာ အဖြစ်အများဆုံးပါ။

သေခြာအောင် အသားစဖြတ်ယူစစ်ဆေးနည်း Biopsy လုပ်ရမယ်။ ကုသနည်းမှာ Chemotherapy ဆေးပေးတာ၊ Radiation ဓါတ်ကင်တာ၊ Surgery ခွဲစိတ်ကုသတာတွေပါတယ်။

(အသုံးအနှုန်း ရိုင်းတာလေးများ ပါသွားရင် ကန်တော့ပါဗျာ။)

Dr. တင့်ဆွေ
၁၉-၈-၂ဝဝ၉

August 23, 2009 9:28 AM
Q: ဆရာ ကျွန်တော့် ဂွေးဥ အတွင်းအိတ် ဥပေါ်မှာအကြိတ်လုံးလို နှစ်လုံးဖြစ်နေလို့ပါဆရာ။ ဘယ်ဆရာဝန်နဲ့ ပြရမလဲမသိဘူး

A: ဂွေးဥ အတွင်းအိတ် ဥပေါ်မှာ အကြိတ်လုံးလို နှစ်လုံး စာနဲ့မေးတာမို့ မျက်စိနဲ့ကြည့် လက်နဲ့စမ်းရသလို မသေခြာတာမို့ မှန်းပြီး ရမ်းကုလုပ်ရတော့မှာဘဲဗျာ။ ယောက်ကျားတွေ ကပ်ပယ်အိတ် ခေါ် Scrotum တဝှိုက်မှာ ဖြစ်တတ်တာတွေက အမျိုးပေါင် (၁၃)ခုတိတိ ရှိပါတယ်။ မကြောက်ပါနဲ့။ အများစုရောဂါတွေက ကုတာလွယ်ပြီး ပျောက်ဘို့ မခက်ကြပါ။

Inguinal hernia အူကျရောဂါ၊ Testicular torsion အစေ့လိန်ခြင်း၊ Hydrocele မုတ် (မုတ္တ) ခေါ် အရည်များခြင်း၊ Epididymal cyst အစေ့အထက်နားအိတ်ဖြစ်ခြင်း၊ Epididymo-orchitis အစေ့-အကြောရောင်ခြင်း၊ Haematocele မုတ် (မုတ္တ)၊ အရည်မဟုတ်ဘဲ သွေးဖြစ်နေခြင်း၊ Hydrocoele of testis အစေ့တွင် မုတ်ဖြစ်ခြင်း၊ Lipoma of spermatic cord အကြောမှာ အဆီအိတ်ဖြစ်ခြင်း၊ Mumps မော်နာ ဒါမှမဟုတ် ပါးချိတ်ရောင်နာနှင့် ဆက်နေသော ကူးစက်နာဖြစ်ခြင်း၊ Scrotal haematoma အိတ်ထဲသွေးယိုခြင်း၊ Varicocoele သွေးပြန်ကြောများထုံးခြင်း။ Spermatocele အစေ့အပေါ်တွင် သုတ်ပိုးများစုနေခြင်း၊ Testicular cancer အစေ့ကင်ဆာဖြစ်ခြင်း၊

တကယ်လို့ ရောဂါလက္ခဏာကို နဲနဲစုံအောင်သိရရင် မကြည်ဘဲနဲ့ အတတ်ဟောနိုင်ပါတယ်။ ဆိုပါစို့ ကြာပြီလား၊ နာသလားနဲ့ အနေအထားပြောင်းရင် သေးသွားလား-သေးမသွားလား။ ဒီမေးခွန်း ၃ ခုလောက်နဲ့ ပြောနိုင်တတ်ပါတယ်။

ရောဂါအားလုံးအနက် တခုကလွဲရင် ခွဲစိတ်ဆရာဝန်နဲ့ဆိုင်တာချည်းဖြစ်လို့ ခွဲစိတ်အထူးကုဆရာဝန်ကို ပြရပါမယ်။ အထူးကု မဟုတ်တဲ့ ရိုးရိုးဆရာဝန် (ကျွန်တော်တို့လို ဂျန်ဂယ်)တွေကလဲ အတော်များများ လုပ်ပေးနိုင်ပါတယ်။ ခွဲရဦးတော့ မခက်တာတွေပါ။ ဆရာဝန်ပေါက်စများ လက်သင်စမ်းကြရတာ ဒီရောဂါတွေမို့ပါ။

August 04, 2010 11:09 AM
Q: ကျနော် တခုလောက် မေးချင်လို့ပါဆရာ။ ကျနော်ကတော့ နိုင်ငံမှာ အလုပ်လုပ်နေပါတယ်။ ကျနော် အသက် ၂၂ နှစ် ရှိပါပြီ။ ဒီကို ရောက်တာ ၂ နှစ် ကျော်ပါပြီ။ ကျနော့် လိင်တံထိပ်မှာ အနီရောင် အဖုအဖုလေးတွေ ပေါက်လာပါတယ်။

6 Aug 10, 07:21
Q: ဆရာခင်ဗျာ ကျတော့်ရဲ့ လိင်တံထိပ်က ကျင်နေပါတယ်။ ဆီးသွားချိန် ကျင်တာများပြီး၊ မှတ်မှတ်ရရ ဒီအတိုင်းနေရင်းနဲ့ တကြိမ်ကျင်ပါတယ်။ အန္တရာယ်ရှိပါသလား။ ဘာကြောင့်ဖြစ်နိုင်ပါလဲဆရာ။ ဘာလုပ်သင့်ပါလဲခင်ဗျာ။ ဂွေးဥရဲ့ တဖက်စီမှာလဲ အသားမာလို အဖုတလုံးစီ ပေါက်လာပါတယ်။ လိင်တံတခုလုံးလဲ မခံမရပ်နိုင်အောင် ယားယံပါတယ်။ ကျနော် ဘာရောဂါ ဖြစ်နေလဲဆိုတာ သိချင်ပါတယ်။ သွေးလဲ စစ်ပြီးပါပြီ။ AIDS မဟုတ်ပါဘူးလို့ ပြောပါတယ်။ ဒီက ဆေးခန်း သွားတော့ ဒီက ဆရာဝန်ပေးတဲ့ ဆေးထဲမှာ "ဘာမီတွန်" ပါတာ တွေ့ရပါတယ်။ ဆေးကုန်ပြီ။ ၃-၄ရက် နေရင် ပြန်ပြန် ပေါက်လာပါတယ်။ မသက်သာပါဘူး။ ဘာဆေး အမျိုးစားတွေ ဝယ်သောက်ရမလဲ မသိဘူးခင်ဗျာ။ ကျနော် ဒီမှာ ရောက်တဲ့ အချိန်ကနေ အခုအချိန်ထိ ဘယ်မိန်းမနဲ့မှ မအိပ်ခဲ့ဘူးပါ။ အခု ဒီရောဂါ ဖြစ်နေတာ ရှက်လို့ ဘယ်သူကိုမှ မပြောရဲပါဘူး။ ကျနော်လိင်တံ၏ ဖြစ်နေသော ရောဂါပုံစံကို ဓါတ်ပုံပါ ပို့ပေးလိုက်ပါတယ်။

A: စသိတာ ဘယ်လောက်ကြပြီလဲ။ ယားယုံဘဲလား။ မနာဘူးတား။ အခုကော ယားသေးလား။ ကြီးကြီးလာသလား။ ပေါင်ခြံမှာ အစေ့-အလုံး-အကြိတ် စမ်းလို့ရသလား။ ပုံပို့တာ ကောင်းတယ်။ ပုံထဲက အဖုလေးတွေက တနေရာဆီက ထင်ပါတယ်။ ဟုတ်တယ်နော်။ အားလုံး ဘယ်နှလုံးလောက် ရှိလဲ၊ ခန့်မှန်းခြေပေါ့။ ကပ်ပဲ့အိပ်မှာကော ဒါမျိုးနဲ့ တူသလား။ ဆီးသွားတာ ထူးသလား။ နာတာ၊ ပူတာ၊ စပ်တာ၊ အဖြူရည် ကျတာ။ သိပ် မစိုးရိမ်ပါနဲ့။ ဆေးကုလို့ ရပါတယ်။ ဆေးနည်း ပြောပါမယ်။

Q: ဆီးသွားရင် ကွမ်းသီးခေါင်းထိပ်က အစေ့လေးက စပ်ဖြင်းဖြင်းဖြစ်ပါတယ်။ ဆီးကလဲ ဝါထိန်နေတာပါပဲ ဆရာ။ ဆီး၊ ဝမ်းလဲ တော်တော် ချုပ်ပါတယ်။ ပင်ပန်းတဲ့ အလုပ်တခုခုလုပ်ပြီးရင် မျက်လုံးပါ ပြာဝေအောင် ဖြစ်နေပါတယ်။ ဝမ်းချုပ်ပြီး ၁ ရက် ၂ ရက်နေရင် ဒီရောဂါ ထတာပါပဲ။

A: ဆေး (၃) မျိုး ရေးပေးလိုက်ပါတယ်။ ဝယ်လို့ရတဲ့ (၁) မျိုးကိုသာ သောက်ပါ။ ရေးပေးတဲ့ အစီအစဉ်အတိုင်း ဝယ်ရတာ လွယ်နိုင်ပါတယ်။
Doxycycline တခါသောက် 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
Tetracycline တခါသောက် 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
Erythromycin တခါသောက် 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

စိတ်မညစ်ပါနဲ့။ ပျောက်တဲ့ရောဂါပါ။ ဝမ်းမချုပ်အောင် ရေ၊ အရည် များများသောက်ပါ။ အသီးအရွက်၊ အသီးအနှံ များများ စားပါ။ မန်ကျီးသီးမှည့်ကို သကြား နဲ့ ဆားနဲနဲထည့် ဖျော်ရည်လုပ် သောက်ပါ။ သင်္ဘောသီးမှည့် စားပါ။

ဆီးဝါနေတာ အသားဝါလည်း ဖြစ်နေအုံမယ်။ ဖြစ်ရင်လည်း မပူနဲ့အုံး။ နားရမယ်။ ရေ၊ အရည် များများ သောက်ရမယ်။ ဆီ-အဆီ လျှော့ပါ။ ဆေးလိပ်၊ အရက် မတည့်ပါ။ မျက်လုံးပါ ဝါသလား။ အသဲအားဆေး ရှာလို့ရရင် သောက်ပါ။ အဝါ တော်တော်နဲ့ မကျရင် Drip သွင်းရတယ်။ မသွင်းနိုင်လည်း ORS ဓါတ်ဆားထုပ် သောက်ပါ။ တနေ့ ၃-၄ ထုပ်အထိ သောက်ပါ။ အရည်များများ သောက်နိုင်အောင် ရေ၊ ရေနွေး၊ သံပုရာရည်၊ ဖျော်ရည်၊ သကြားရည်၊ လှည့်သောက်နိုင်ပါတယ်။ ဆေး ၁ ပါတ် သောက်ပြီး၊ တိုးတက်မှု အခြေအနေ ပြောပါအုံး။ အနာကို ဘာဆေးမှ လိမ်းစရာမလိုပါ။

ကျားအင်္ဂါဟာ ဆီးသွားတာနဲ့ ဆက်ဆံတာ၊ အလုပ် ၂ မျိုးအတွက် ဖြစ်တယ်။ ဒါ့ကြောင့် ဒီ အလုပ် တခုခုကနေဖြစ်ဖြစ် နှစ်ခုလုံးကနေဖြစ်ဖြစ် ရောဂါဝင်တာ ဖြစ်စေတတ်တယ်။ သူလုပ်တဲ့အလုပ် နှစ်ခုနဲ့ မဆိုင်အုံးတော့ တခြားခန္ဓာကိုယ်က နေရာတွေလို မွေးရာပါ ချို့ယွင်းတာ၊ ဒဏ်ရာရတာ၊ ရောဂါပိုးဝင်တာမျိုးလည်း ရစေနိုင်သေးတယ်။ ဒီ သုံးချက်အပြင် ကင်ဆာလို အကြောင်းမယ်မယ်ရရ မသိရဘဲနဲ့ ဖြစ်တာလည်းပါတယ်ပေါ့။

ရောဂါကို ကိုယ်တိုင်မြင်ရတာ မဟုတ်လို့ ဖြစ်နိုင်ခြေမှန်သမျှ တွက်ဆရတာမို့ ဖတ်တဲ့လူ ကြောက်စိတ်မဝင်ပါနဲ့။ ဆရာဝန်ဆိုတာ “ဥစ္စာပျောက် ငရဲရောက်” ဆိုသလို လျှောက်ထင်ရတာမို့ပါ။

ဆေးနည်းပါ ပေးလိုက်ပါမယ်။
Urethritis ဆီးလမ်းပြွန်အဝ ရောင်ခြင်းအတွက် -
• Cefixime 400 mg တခါတည်းသောက် ပျောက်တယ်။ ဒါမှမဟုတ်
• Ciprofloxacin 500 mg တခါတည်းသောက် ပျောက်တယ်။
နောက် (STDs) လိင်မှတဆင့် ကူးစက်သည့် ရောဂါတခုခု ဖြစ်နေရင်လည်း -
• Gonococcal Urethritis ဂနိုရီးယားကြောင့်ဖြစ်တဲ့ ဆီးပြွန်အဝရောင်ခြင်းအတွက် Ciprofloxacin 500 mg ဒါမှမဟုတ် Ofloxacin 400 mg တခါတည်းသောက် ပျောက်တယ်။
• Uncomplicated Gonorrhea သာမန်ဂနိုရောဂါ၊ Cefixime 400 mg တခါတည်းသောက် ပျောက်တယ်။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ် ၃-၄ ရက်သောက် ပျောက်တယ်။

လိုသေးရင် မေးပါ။ ကျန်းမာပါစေ။

Dr. တင့်ဆွေ
၆-၈-၂ဝ၁ဝ

Apr 15, 2011 at 6:57 PM
I am 23 years old male, single and currently stay in spore. There are small things inside my male organ inside the skin and it doesn’t cause anything such as itchy or else. These small things started to occur when I was 17 when I never had sex before therefore couldn’t be getting from sex. But now, I think these things become more and more (kindly refer to attached photos). Currently I don’t apply any medication. What should I do? pls advise me.

Molluscum contagiosum
• အရေပြား တနေရာရာမှာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ အနာဖြစ်တယ်။
• ၂-၅ စင်တီမီတာလောက် ရှိတယ်။ အထက်ကို နဲနဲကြွတက်နေမယ်။
• ဒိန်ခဲလို ခပ်ဖြူဖြူ၊ ဖယောင်းလိုလဲ နေတယ်။ ပုလဲလို အရောင်၊ ပန်းရောင်၊ အသားရောင်ရှိမယ်။
• မနာဘူး။ တခါတလေမှ နဲနဲယားသလိုနေတယ်။
• တခါတလေ အလည်ကခွက်နေတယ်။ ကုတ်ရင် အစဉ်းကြောင်းလိုရှိနေမယ်။
• မျက်နှာ၊ လည်ပင်း၊ လက်၊ ခြေထောက်၊ ချိုင်း၊ ဗိုက်၊ ပေါင်၊ လိင်အင်္ဂါ နေရာတကာမှာ ဖြစ်တယ်။
• ကလေး-လူကြီးဖြစ်တယ်။ ကလေးတွေဆိုရင် ဆော့စရာတွေကနေ ကူးနိုင်တယ်။
• တိုက်ရိုက် ထိတွေ့မှုကနေကူးတယ်။ လိင်ဆက်ဆံတာ မရှိလဲဖြစ်တယ်။ မရှိလဲဖြစ်မယ်။ လိင်လမ်း-ရေယုံနဲ့ ခွဲခြားရမယ်။
• မှားနိုင်တာတွေရှိလို့ Skin excisional biopsy အသားစဖြတ်ယူစစ်ဆေးမှ ရောဂါသေခြာတယ်။
• AIDS ဖြစ်နေသူတွေ ပိုဆိုးတယ်။
• ကိုယ်ခံအား ကောင်းနေရင် သူ့အလိုလို ပျောက်တယ်။ နှစ်တွေလဲ ကြာနေနိုင်တယ်။
• ဆက်ဆံရင် Condoms သုံးရမယ်။
• ၁ဝ% လောက် Eczema နှင်းကူနာ ဖြစ်လာတတ်တယ်။
• ယားလို့ ကုပ်ရင်း ဗက်တီးရီးယား ဝင်လာတတ်တယ်။
• ခွဲစိတ်နည်းတွေ Scraping, De-coring, Freezing, Electrosurgery စသဖြင့် ရှိတယ်။ အမာရွတ်ကျန်မယ်။
• Cryotherapy အေးခဲနည်း၊
• Laser လေဆာနည်း၊
• Benzoyl peroxide ဆေးလိမ်းနည်း၊
• Cimetidine (Tagamet) အစာအိမ်လေနာဆေး၊ Griseofulvin ပွေးဆေး တွေလဲ သုံးကြသေးတယ်။
• Cidofovir (Vistide), Imiquimod (Aldara), Podophyllin resin, Podophyllotoxin (Condylox), Potassium hydroxide, Trichloroacetic acid ဆေးတွေလဲ ဆရာဝန်တွေက ညွှန်တယ်။
• Cantharidin (Cantharone) ဆေးကို တချို့နေရာတွေကသုံးတယ်။ တချို့က သတိပေးတယ်။ လိင်စိတ်ကြွဆေး အဖြစ် သုံးတဲ့သူတွေက သုံးပေမဲ့ ဆေးက ပြင်းလှတယ်။ မျက်စိလို နုတဲ့နေရာနဲ့ နီးနီးမှာ မသုံးဘို့ သတိပေးတယ်။
• ကြွက်နို့ဆေးမျိုးလဲ သုံးတယ်။ ပျောက်ရင် အရောင်ရင့်နေမယ်။
• Australian lemon myrtle (Backhousia citriodora) သြစတေးလျ ရှောက်သီးရည်၊
• Tea tree oil လက်ဖက်ပင်-အဆီ၊

Dr. တင့်ဆွေ

Read More...