ဒေါက်တာခင်ဗျာ ...
အိပ်နေတဲ့ အချိန်မှာ သွားရည်ကျတာက ကျန်းမာရေးနဲ့ ဆိုင်ပါသလားခင်ဗျာ။ ဒါမှမဟုတ် ဘာချို့ယွင်းမှုများ ရှိလို့ ကျတာပါလဲ။ သွားခေါတာနဲ့ ဆိုင်ပါသလား။ အသက် ၂၃ နှစ်လဲရှိပါပြီ။ ဒီအရွယ်ထိ အိပ်ရင် သွားရည်ကျနေတာ သတိ မရှိလို့လား။ အဲဒါနဲ့ ပတ်သက်ပြီး ဖော်ပြထားတာလဲ တစ်ခါမှ မတွေ့ဖူးဘူး ဖြစ်နေပါတယ် ခင်ဗျာ။ သွားရည်ကျတာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်သလို ခံစားရလို့ပါ။ အကောင်းဆုံး နည်းလမ်းလေးရှိရင် မျှဝေစေချင်ပါတယ် ခင်ဗျာ။
လူတိုင်းမှာ သွားရည်ထွက်ပေးတဲ့ Glands အိပ်တွေက အကြီး ၃ ခုနဲ့ အသေးလေးတွေ ရှိကြတယ်။ သွားရည်ဆိုတာ အစာထဲမှာ အများဆုံးပါတတ်တဲ့ ထမင်းထဲက Starch (ကော်) ကို ချေဖျက်ပေးနိုင်စွမ်းရှိတဲ့ Enzyme (အင်ဇိုင်း) ဖြစ်တယ်။ ပိုးစာကောင်တွေရဲ့တံတွေးက လူ့သွားရည်ထက် အဖိုးတန်တယ် Silk ပိုးထုတ်ပေးတာကိုး။
ပါးစပ်ဟပြီးအိပ်ရင် သွားရည်ကျစေတာတော့ အမှန်ဘဲ။ ဒီတော့ ပါးစပ် ပလာစတာကပ် အိပ်ပေတော့။ ရီစရာသဘော ပြောတာပါ။ “ရှက်စရာ” ဆိုတာ သူများမြင်မှ ရှက်တာနဲ့ ကိုယ့်ကိုယ်ကို ရှက်တာ မတူပါ။ ကိုယ်တိုင်သိသူက ပညာ ပိုရှိတယ်။
ယေဘူယျပြောရရင် အိပ်နေတုံး ပါးစပ်ဟ အသက်ရှူလို့ပါ။ ပါးစပ်ဟနေချိန်မှာ သွားရည် (တံတွေး)ထွက်တဲ့ အိတ်တွေ အလုပ်လုပ်တယ်။ များများလာတော့ ပါးစပ်ကနေ လျှံကျလာတာပေါ့။ လူဆိုတာ နှာခေါင်းနဲ့သာ အသက်ရှူပြီး၊ ပါးစပ်နဲ့ အသက်ရှူတာကို မဖြစ်လှမှ လုပ်ကြတယ်။ ဒီတော့ မဖြစ်လှတာက ဘာလဲ။ အသက်ရှူလမ်းမှာ တခုခုဖြစ်နေလို့။ နှာခေါင်း၊ နား၊ လေပြွန်၊ အဆုပ်တွေ စစ်ရလိမ့်မယ်။ နှာစေး၊ အအေးမိ၊ (ဆိုင်းနပ်စ်) ဖြစ်၊ နှာခေါင်းထဲမှာ အလုံးဖြစ်၊ ပန်းနာ၊ အသက်ရှူကြပ်၊ လည်ချောင်းနာ၊ ဆုံဆို့နာ၊ အာသီးရောင် စတာတွေ ပါတယ်။ စစ်ပါ၊ ကုပါ။
ရုပ်ပိုင်းဝေဒနာ မရှိဘဲ စိတ်ရှုတ်ချိန်မှာမို့ ပါးစပ်နဲ့ အသက်ရှူနေတာလား ဆန်းစစ်ပါ။ နေ့ခင်းမှာ အသက်ရှူတာ ကိုယ်ကိုယ်ကို သတိထား ကြည့်ပါ။ ပါးစပ်နဲ့ ရှူနေတာကို ပြင်ဘို့ ကြိုးစားပါ။ လေ့ကျင့်နည်း တခုက နှာခေါင်းနဲ့ အသက် ပြင်းပြင်း-ရှည်ရှည် ရှူပါ။ ရုပ်ရှင်တွေ ကြည့်ဘူးမှာပါ။ တခုခု ထိခိုက်-ကျေကွဲ-ကြောက်လန့်စရာရှိရင် မင်းသားကနေ မင်းသမီးကို “Take a deep breath အသက်ပြင်းပြင်းရှူ” လို့ ပြောလေ့ရှိတယ်။ မှန်တယ်ဗျ။ စိတ်ငြိမ်လာစေတယ်။
မိဘတွေက ကိုယ့်ကလေးကို ပါးစပ်ကို အမြဲပိတ်ထားစေတဲ့အကျင့် သင်ပေးတတ်တယ်။ ကောင်းတယ်။ လူတယောက်ကို ကြည့်ပါ။ သူ့ပါးစပ် ဟနေရင် အဲဒီလူဟာ သူ့ကိုယ်သူ ယုံကြည်မှု နည်းနေချိန်ဖြစ်တယ်။ ပါးစပ်ဟောင်းလောင်း ဖြစ်နေတာက အံ့သြနေတာ၊ ကြောက်လန့်နေတာ၊ တနည်းပြောရရင် သူများအတွက် လိုက်တုံ့ပြန်နေရတာမျိုး။ ကိုယ်က ဦးဆောင်၊ ပြဋ္ဌာန်းနေချိန် မဟုတ်ဘူး။
သွားရည် များစေတတ်တဲ့ ရောဂါတွေလည်း ရှိတယ်။ အစာလမ်းမှာ Acid reflux အက်စစ်များတာမျိုးလည်း ပါတယ်။ ဆေးလိုလိမ့်မယ်။ အစာစားတာပြင်ဘို့လိုမယ်။
အိပ်တဲ့ပုံစံကို ပြောင်းကြည့်ပါ။ ပက်လက် စန့်စန့် အိပ်ကြည့်ပါ။ စောင်းအိပ်ရတာလောက်တော့ ဇိမ်မကျဘူးပေါ့။ ပက်လက် ဆိုရင် ပါးစပ်ဟဘို့ အခွင့်အလမ်းနည်းတယ်။ ပါးစပ် ကောင်းကောင်း မပိတ်အုံးတော့ သွားရည်တွေ ခေါင်းအုံးအထိ ကျလာမှာကို တားရာရောက်မယ်။ ပက်လက်အိပ်ရတာ ကျင့်ဘို့ wedge pillows စပါယ်ရှယ်ခေါင်းအုံး သုံးနိုင်တယ်။
အိပ်ရင် သွားရည်ကျတာ ကြာတော့ အလေ့အထလို ဖြစ်လာတယ်။ ဒီအကျင့်က ဖျောက်ဘို့ ခက်တာမို့ အလွယ်နဲ့ စိတ်မပျက်ပါနဲ့။ “ခက်တာကို ရအောင်လုပ်မယ်” လို့ သန္နိဋ္ဌာန်ချ လုပ်ကြည့်ပါ။ ဒီအရေးမှာ တိုးတက်၊ အောင်မြင်ရင် သင်ဟာ အရာရာအတွက်ပါ စိတ်တန်းခိုး တိုးလာပါလိမ့်မယ်။
Dr. တင့်ဆွေ
၉-၈-၂၀၁၀
Tuesday, August 10, 2010
How to Stop Drooling During Sleep အိပ်ပျော်ရင် သွားရည်ကျတာ
Labels: health education, Q and A
Subscribe to:
Post Comments (Atom)

2 comments:
" Mouth Breather " လို့ခေါ်တဲ့ ပါးစပ်နဲ့ အသက်ရှူ ကြတဲ့ သူတွေဟာ အများအားဖြင့် သွားခေါတဲ့ သူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ နှုတ်ခမ်းကို စေ့အောင်၊ လုံအောင်ပိတ်ဖို့ လွယ်လွယ်ကူကူ မဖြစ်ကြလို့ ပါးစပ်ဟာ အမြဲလို ဟနေတတ်ပါတယ်။ အထူးသဖြင့် အိပ်ပျော်တဲ့ အချိန်မှာ ပါးစပ်လုံနေအောင်ပိတ်ဖို့ ပိုခဲယဉ်းပါတယ်။
တခုခုကို မျိုချဖို့အတွက် အစာမျိုပြွန်အတွင်းကို ပါးစပ်နဲ့ လည်ပင်းက ကြွက်သားများ အကူအညီနဲ့ ဖိချရတာပါ။ အဲသလို ဖိအားနဲ့ မျိုချနေချိန်မှာ Anterior Oral Seal လို့ခေါ်တဲ့ နှုတ်ခမ်းတွေ စေ့ထားပြီး ပါးစပ်ကို လုံနေအောင် လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘယ်သူမှ ပါးစပ် ဟ ထားလျက်နဲ့ အစာ၊ရေ၊အရည် မျိုချလို့ မရပါဘူး။
သာမန် အချိန်မှာတောင် ပါးစပ်နဲ့ သွား အနေအထားကြောင့် အတင်းထိန်းချုပ်ပြီး စေ့မထားရင် ပါးစပ် ဟ နေတတ်သူဟာ အိပ်ပျော်နေချိန်မှာ ပါးစပ် ဟ နေတော့ သွားရည်ကျတာကို ပြန်သိမ်းပြီး မျိုချဖို့ ခက်ပါတယ်။
ဒါကြောင့် ပုံမှန်လူတွေဟာ အိပ်ပျော် နေရင်း သွားရည်ကို အသိမဲ့ ပြန်သိမ်း မျိုချနိုင်ကြလို့ သွားရည် မကျပေမဲ့ Mouth Breather အတွက် အသိမဲ့ အလိုအလျောက် မျိုချဖို့ ခက်လို့ သွားရည်ကျတာ ဖြစ်ပါတယ်။
အသက် သိပ်မကြီးလှသေးသူ၊ အပေါ်၊အောက် မေးရိုးအနေအထားကြောင့် သွားခေါတာ မဟုတ်ပဲ သွား အနေအထားနဲ့ ပုံမှန်မဟုတ်တဲ့အမူအကျင့်တွေ (လက်မစုပ်ခြင်း၊ ကိုယ့်လျှာ ကိုယ်ပြန်စုပ်နေခြင်း၊ ခဲတံ၊ ဘောပင် စတဲ့တခုခုကို အမြဲကိုက်နေခြင်း) ကြောင့် သွားခေါ နေတယ်ဆိုရင် ပြုပြင်ယူနိုင်ပါတယ်။
သွားညှိကုသမှု အထူးကု သွားဘက်ဆိုင်ရာ ဆရာဝန် (Orthodontic) နဲ့ ပြပြီး သွားခေါတာ ကို ပြုပြင် ကုသလို့ ရ၊ မရ အကြံဥာဏ် တောင်းခံ နှိုင်ပါတယ်။
Thank you Dr. Nay Oo
Post a Comment