Friday, May 8, 2009

Cerebrovascular Accident (Stroke)



သွေးကြောပေါက်ပြီး လေဖြတ်ပုံနှင့် သွေးကြောပိတ်ဆို့ပြီး လေဖြတ်ပုံ

လေဖြတ်ခြင်း

လေဖြတ်ခြင်း (stroke) ဟု အရပ်သုံးစကားဖြင့် ခေါ်ဝေါ်သော Cerebro-vascular accident (CVA) သည် နှလုံးမှ ဦးနှောက်သို့ သွေးထောက်ပံ့နေသော သွေးကြောကို ထိခိုက်ပျက်စီးစေ၍ ဦးနှောက်အတွင်း သွေးယိုစီးခြင်း Haemorrhage (သို့) တခြားမှ မျောပါလာသော အစအနတခုခုက ဦးနှောက်သွေးကြောကို လာရောက် ပိတ်ဆို့စေခြင်း (Thrombosis) တို့ကြောင့် ဖြစ်ရသည်။ အဓိကပြဿနာမှာ နှလုံးမှ ဦးနှောက်သို့ ပို့ပေးနေသော အောက်စီဂျင်ကို ဖြတ်တောက်ခံရ၍ ဦးနှောက်တစ်ရှူးကို ပျက်စီးစေပြီး ဦးနှောက်မှ ခန္ဓာကိုယ်၏ တခြားအစိတ်ပိုင်းသို့ အမိန့်ပေးနေသော အချက်အလက်များကိုလည်း ဖြတ်တောက်ခံရခြင်း ဖြစ်သည်။



ဖြစ်ရသည့်အကြောင်းရင်း

လေဖြတ်ခြင်းကို ဖြစ်စေသည့် အဓိကအရင်းခံ ပြဿနာများမှာ

(၁)ဆေးလိပ်သောက်ခြင်း၊
(၂) ကိုယ်အလေးချိန်များခြင်း
(၃) သွေးထဲကော်လက်စရောလ် (တိရိစ္ဆာာန်မှ ထွက်သည့် အဆီတမျိုး) များခြင်း၊
(၄)သွေးတိုး (သို့) ဆီးချို တခုခု (သို့) နှစ်ခုစလုံး ရှိခြင်း၊
(၅)အရက် အလွန်အမင်း သောက်ခြင်းတို့ ဖြစ်သည်။

(၁) ဆေးလိပ်သောက်ခြင်း

ဆေးလိပ် သောက်သောအခါ ဆေးလိပ်အတွင်းတွင် ပါဝင်သော နီကိုတင်းသည် ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ်အပိုင်း အားလုံးကို ထိခိုက်စေပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို အလွန်အမင်း များစေပြီး သွေးကြောထဲ အောက်စီဂျင်ကို နည်းစေခြင်း၊ သွေးလွှတ်ကြောအတွင်းရှိ တခြား ပါဝင်သော ဓါတ်ပေါင်းများ (Arterial Blood gases) ကိုလည်း မမျှမတ ဖြစ်စေခြင်းဖြင့် သွေးလွှတ်ကြောကို ထိခိုက်စေပါသည်။

(၂) ကိုယ်အလေးချိန်များခြင်း

ကိုယ်အလေးချိန် များသောအခါ နှလုံးမှ ခန္ဓာကိုယ် အနှံ့အပြားသို့ အာဟာရနှင့် အောက်စီဂျင် ထောက်ပံ့ရာတွင် အရောက်နှေးကွေးစေပါသည်။ အရပ်နှင့်မမျှအောင် ကြီးမားနေသော ခန္ဓာကိုယ်မှ တောင်းဆိုသည့်အတိုင်း အာဟာရနှင့် အောက်စီဂျင်ကို အလုံအလောက် ပို့ပေးနိုင်ရန် နှလုံးနှင့် သွေးလွှတ်ကြောသည် ခန္ဓာကိုယ် ကြီးမားလေ အလုပ်ကို မနိုင်မနင်း ပိုလုပ်ရလေ ဖြစ်သည်။

(၃) သွေးထဲ ကော်လက်စထရောလ် အဆီများခြင်း

သွေးထဲတွင် ကော်လက်စထရောလ် များပါက ကော်လက်စထရောလ်ကြောင့် သွေးကို လိုသည်ထက်ပို၍ ပျစ်ခဲစေပြီး သွေးစီးမှုကို နှေးစေခြင်း၊ ၎င်းမှ ဖြစ်ပေါ်လာသည့် အဆီဖတ်များသည် သွေးကြောနံရံတွင် အနည်ထိုင်ကာ တွယ်ကပ်စေပြီး သွေးလွှတ်ကြောကို မာကျောစေခြင်းနှင့် ကျဉ်းစေခြင်း၊ အချိန်ကြာလာသောအခါ သွေးကြောနံရံတွင် အနည်ထိုင်၍ မာကျောနေသော ကော်လက်စထရောလ် အဖတ်များသည် တစစီပဲ့ထွက်ကာ သွေးထဲ၌လွှင့်မျောပြီး သွေးကြောကို ပိတ်ဆို့စေပါသည်။ နှလုံးသွေးကြော၊ ဦးနှောက်သွေးကြောနှင့် မည်သည့်အင်္ဂါ အစိတ်အပိုင်းရှိ သွေးကြောကို ပိတ်ဆို့ခံရသည်ဖြစ်စေ ပိတ်ဆို့ခံရသော အစိတ်အပိုင်းအတွက် အောက်စီဂျင်ကို ပြတ်တောက်စေပါသည်။

(၄) သွေးတိုးနှင့် ဆီးချိုရောဂါများ ရှိခြင်း

သွေးတိုးရောဂါသည် ထိုကဲ့သို့ သွေးလွှတ်ကြောမှ မနိုင်မနင်း အလုပ်လုပ်ရဖန် များသောကြောင့် ဖြစ်လာရသည်။ ထို့ကြောင့် သွေးတိုးရောဂါ ရှိသူသည် သွေးပေါင်ချိန်ကို ပုံမှန်အတိုင်း မထိန်းချုပ်နိုင်ပါက ကိုယ်အလေးအချိန် များခြင်းကြောင့် ရင်ဆိုင်ရသော အထက်ပါ အခက်အခဲများအပြင် သွေးလွှတ်ကြောမှာ ကျုံ့နိုင်ဆန့်နိုင်သည့်အား မရှိသောကြောင့် အရှိန်နှင့် တိုက်စားလာသော သွေးဖိအားဒဏ်ကို မခံနိုင်ပဲ သွေးကြောကို လွယ်ကူစွာ ပေါက်ပြဲစေပြီး သွေးယိုစီးစေခြင်း ဖြစ်သည်။

ဆီးချိုရောဂါရှိသူများသည် သွေးထဲရှိ သကြားဓါတ်ကို ပုံမှန်ဖြစ်နေအောင် အမြဲတမ်း မထိန်းချုပ်နိုင်ပါက စားသုံးလိုက်သော ထမင်းနှင့် တခြားအာဟာရများမှ ကူးပြောင်းပေးလိုက်သော ဂလူးကို့စ် (သို့) သကြားဓါတ်များကို ဆဲလ်များမှ စုပ်ယူနိုင်ခြင်းမရှိပဲ သွေးထဲတွင်သာ လှည့်လည်သွားလာ နေသောကြောင့် ၎င်းမှာလည်း ကော်လက်စထရောလ်နည်းတူ သွေးကြောနံရံတွင် အနည်ထိုင်စေကာ သွေးကြောကို မာကျော၊ ကျဉ်းမြောင်းစေပြီး အစပဲ့ထွက်လွှင့်မျောကာ တနေရာတွင် သွားပိတ်ဆို့စေနိုင်ပါသည်။

(၅) အရက် အလွန်အကျွံသောက်ခြင်း

အရက်အလွန်အကျွံ သောက်ခြင်းသည် ဗဟိုအာရုံကြော အဖွဲ့အစည်း Central Nervous System (CNS) အား တိုက်ရိုက် ထိခိုက်စေသောကြောင့် အာရုံတုံ့ပြန်မှု (Motor) အလုပ်လုပ်နိုင်အားကို ပျက်စီး (သို့) လျှော့နည်းစေသည်။ ထို့အပြင် သွေးကြောအပါအ၀င် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်း အားလုံးရှိ ကြွက်သားများကိုလည်း ပြေလျှော့စေသောကြောင့် သွေးလွှတ်ကြော၏ အလုပ်လုပ်နိုင်မှု အားကို ဆုတ်ယုတ်စေပြီး အောင်စီဂျင် ဖြန့်ဖြူးမှုကို ထိခိုက်စေပါသည်။ ကြွက်သား ပြေလျှော့စေခြင်းနှင့် အာရုံတုံ့ပြန်မှု အားနည်းသောကြောင့် ခန္ဓာကိုယ် အလုပ်လုပ်မှုနှင့် ဦးနှောက်ထိန်းချုပ်မှုကို လျှော့စေသော်လည်း အရက်သောက်ခြင်းသည် စိတ်ကို တက်ကြွစေပြီး အာရုံခံစားမှု (Sesory) ကိုမူ လွန်ကဲစေပါသည်။ ထို့ကြောင့် မရှိကို အရှိအဖြစ် ထင်မှတ်ယူဆခြင်း (delusion)၊ အာရုံတွင် တကယ်မဟုတ်သည့် အကြား၊ အမြင်နှင့် ခံစားမှုများ ထင်ဟပ်ဖြစ်ပေါ်နေခြင်း (Auditory, visual and tatile hallusination) တို့အား ဖြစ်ပေါ်စေပါသည်။ လေဖြတ်ခြင်းနှင့် အရက်မူးခြင်း နှစ်ခုစလုံးသည် ဦးနှောက်ကို ထိခိုက်စေခြင်း ဟူသည့် အကြောင်းရင်း တူသောကြောင့် လေဖြတ်သော သူတယေက်တွင် တွေ့နိုင်သည့်လက္ခာတချို့ကို အရက်မူးနေသူတွင်လည်း တွေ့နိုင်ပါသည်။ ၎င်းတို့မှာ အသိ၊ မှတ်ဉာဏ်နှင့် ဆင်ခြင်တုံတရား နည်းသွားခြင်း၊ စကားပြောလျင် ဗလုံးဗထွေးဖြစ်နေခြင်း၊ လမ်းကို ဒယိမ်းဒယိုင်လျှောက်ခြင်း၊ မျက်လုံးကို ကောင်းကောင်း မဖြဲနိုင်ခြင်း၊ အစာကောင်းကောင်း မမျိုနိုင်ခြင်း စသည်တို့သည် ဦးနှောက်ပုံမှန် အလုပ်မလုပ် နိုင်သောကြောင့် ဖြစ်ပေါ်သော လဏ္ခာများ ဖြစ်သည်။

လက္ခဏာများ

ထိခိုက်သည့် သွေးကြောအလိုက် ဦးနှောက်တစ်ရှူး ပျက်စီးသည့် အစိတ်အပိုင်း ကွဲပြားသောကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း (သို့) အလုပ်လုပ်မှုစနစ် ချွတ်ယွင်းသွားသည့် နေရာနှင့် လက္ခဏာများမှာလည်း ကွဲပြားသည်။ ထိခိုက်သွားသော ဦးနှောက်၏ ဧရိယာအပေါ်မူတည်၍ လှုပ်ရှားရာ၌ ဟန်ချက် မထိန်းနိုင်ဖြစ်ခြင်း၊ ကိုယ်တခြမ်း (သို့) တပိုင်းသေသွားနိုင်ခြင်း၊ မှတ်ဉာဏ် ဆုံးရှုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသွားနိုင်ခြင်း၊ စကားမပြောနိုင်ခြင်း (သို့) မပီတော့ခြင်း၊ တက်ခြင်း၊ နားထဲမှာ ပုံမှန်မဟုတ်ပဲ အမြဲဆူညံနေသလို ခံစားရခြင်း စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါသည်။

စမ်းသပ်တွေ့ရှိပုံ

လေဖြတ်ခြင်းကို X-ray, CT (Computer Tomography) scan, Magnetic Resonance Imaging (MRI), သွေးစစ်ခြင်း၊ ဦးနှောက်အတွင်း အရည်စစ်ဆေးခြင်း၊ ဦးနှောက်လျှပ်စစ်လှိုင်းကို (EEG) စစ်ဆေးခြင်းတို့ဖြင့် စမ်းသပ်တွေ့ရှိနိုင်သည်။

ကုသမှု

လေဖြတ်သည်ဟု သိသည်နှင့် ချက်ချင်း အရေးပေါ် ဆေးရုံတင်ရမည်။ သွေးကြော ပိတ်ဆို့မှု (သို့) သွေးယိုစီးမှုအတွက် ဦးနှောက်ကို ခွဲစိတ်ကုသရမည်။ ခွဲစိတ်ပြီးနောက် Aspirin, Warfarin စသည့် သွေးကိုကျဲစေသည့် ဆေးများဖြင့် နောက်ထပ်တကြိမ် သွေးကြောပိတ်ဆို့ပြီး လေဖြတ်ခြင်းကို ထပ်မဖြစ်စေရန် ကာကွယ်နိုင်သည်။ ထိခိုက်သွားသော ခန္ဓာကိုယ် အစိတ်အပိုင်းအား အကောင်းဆုံး ပြန်လည် အလုပ်လုပ် နိုင်စေရန်အတွက် ထိခိုက် ပျက်စီးသွားသော ခန္ဓာကိုယ် အစိတ်အပိုင်းနှင့် ထိခိုက်သည့် အမျိုးအစားအပေါ် မူတည်ပြီး Physiotherapist, Speech Pathologist, occupational therapist နှင့် တခြား Health care professional များ၏ အကူအညီဖြင့် ပြန်လည်ပြုစုပျိုးထောင် လေ့ကျင့်ခြင်း (Rehabilitation) ဖြင့် အချိန်ယူ၍ ကုသရပါသည်။

ကာကွယ်ခြင်း

ဆေးလိပ်မသောက်ခြင်း၊ ခန္ဓာကိုယ် အလေးချိန်ထိန်းခြင်း (BMI 18.5-25)၊ အဆီများသည့် အစားအစာများနှင့် အသားကို လိုသည်ထက် ပိုမစားခြင်း၊ သွေးတိုးနှင့် ဆီးချိုရှိသူများသည် ဆရာဝန် ညွန်ကြားသည့်အတိုင်း သွေးထဲသကြားဓါတ် (သို့) သွေးပေါင်းချိန်ကို အမြဲတမ်းပုံမှန် ဖြစ်နေအောင် ထိန်းချုပ်ခြင်း၊ အရက်ကို သောက်သင့်သည်ဟု သတ်မှတ်ထားသည်ထက် ပိုမသောက်ခြင်း (လုံးဝမသောက်က ပိုကောင်းပါသည်)၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ပြုလုပ်ခြင်း စသည်တို့ဖြင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ပါသည်။

Photo Credit: medical-dictionary.thefreedictionary.com


Related Posts :



5 comments:

အောင်ဝင်း said...

ကိုယ်အလေးချိန်တက်လို့ လေဖြတ်နိုင်တယ်ဆိုရင် ထမင်းမစားဘဲ တခြား ပြောင်းစားသင့်တဲ့ အစာတွေ သိချင်ပါတယ်။
ထမင်းနဲ့ ဆီကို သိပ်ကြိုက်လို့ သူတို့ မပါရင် ဘာမှ စားမမြိန်ဘူးခင်ဗျ။ ဟင်းလဲ ဆီပါမှ ကြိုက်တာ အကျင့်ဖြစ်နေတယ်။ ထမင်းစားရင်လဲ နှစ်ပန်းကန်မောက်မောက်လောက်မှ ဝလို့ ထမင်းပုံမှန်စားတဲ့ အကျင့်ပျက်သွားအောင် တခြား ဘာတွေ ပြောင်းစားလို့ရမလဲခင်ဗျ။ ကိတ်မုန့်တွေ၊ သရေစာတွေကျတော့လဲ မြန်မာ့လျှာနဲ့ မတင်းတိမ်လို့ပါ။

Nge Naing said...

ကိုအောင်ဝင်း- ဟင်းသီးဟင်းရွက် (အစိမ်း၊ အကျက်) ကိုအများဆုံးစားသင့်ပြီး ထမင်းကို ဒုတိယအများဆုံး ကျန်တာတွေကို နည်းနည်းစီသာ စားသင့်ပါတယ်။ ဆီ၊ ကိတ်မုန့်၊ သာကြား၊ အချိုရည်၊ ဘီစကွပ်မုန့် စတာတွေဟာ အပျော်စားတဲ့ အပိုစာတွေသာ ဖြစ်တယ် ဆိုလိုတာက မစားလည်းရတယ်။ C-Box အောက်ဘက်ကို ဆက်ပြီး ဆင်းသွားရင် Label အောက်က list ထဲမှာ ရှိတဲ့ Nutiition ကို နှပ်လိုက်ပါ၊ အာအာရနဲ့ ပတ်သက်ပြီး ပို့စ် ၁၈ ခုရှိပါတယ်။ အဲဒီထဲမှာ ကျွန်မတင်ထားတဲ့ အစာအာဟာရ မမျှတခြင်း၊ ကျန်းမာစွာ အသက်ရှင်ရပ်တည်ရန် မရှိမဖြစ်လိုအပ်သော အစာအာဟာရ (၁) နှင့် (၂)၊ ကျန်းမာစွာ အသက်ရှင် ရပ်တပ်နိုင်ရန်အတွက် နေ့စဉ် စားသုံးရန် လိုအပ်သော အစာပမာဏ ဆိုပြီး ၄ ခုကို သွားဖတ်စေချင်ပါတယ်။ အာဟာရကို အန္တရယ်ကင်းကင်း ဘယ်လိုစားရမယ်၊ နေ့စဉ် ဘာအာဟာရတွေ လိုအပ်တယ်၊ ဘာစားစရာထဲမှာ ဘာဓါတ်တွေ ပါဝင်တယ်ဆိုတာနဲ့ ခန္ဓာကိုယ်ကို ဘယ်လို ပုံမှန်အလေးချိန် ဖြစ်အောင် ထိန်းသိမ်းမယ်ဆိုတာကအစ အကုန်လုံးပါပါတယ်။ ကိုအောင်ဝင်း မေးတဲ့ မေးခွန်းနဲ့ ဆင်တူတဲ့ မေးခွန်းတွေကို အဲဒီပို့စ်တွေအောက်မှာ ကျွန်မ ပြန်ဖြေထားတာတွေကိုပါ ဖြစ်အောင် ဖတ်စေချင်ပါတယ်။

ziwakka said...

Aspirin and anticoagulants are contraindicated in patients who undergone brain surgery. Stroke patients who needed surgery had haemorrhagic stroke but embolic stroke. So aspirin is not needed.

ziwakka said...

I miss to type 'not' in front of embolic stroke. sorry for that

Nge Naing said...

ဆရာ ဇိဝက- ဖြည့်စွက်ပြောပြပေးတဲ့အတွက် အထူး ကျေးဇူး တင်ပါတယ်ရှင့်။ ကျွန်မရေးတဲ့ ပို့စ်က လွန်ခဲ့တဲ့ နှစ်လ သုံးလခန့်က လေဖြတ်ခြင်းနဲ့ ပတ်သက်ပြီး မေးခွန်း မကြာခဏ လာလာမေးနေတဲ့ စာဖတ် ပရိတ်သတ်တွေအတွက် ရည်ရွယ်ပြီး ရေးထားတာ ဖြစ်လို့ သိပ်ပြီးယျေဘုယျ ဆန်တဲ့ အခြခံ အချက်အလက်ကိုသာ အကျဉ်းချုပ် ဖေါ်ပြပေးထားတာ ဖြစ်ပါတယ်။ ဆရာတို့လို ပညာရှင်တွေအတွက်တော့ လေဖြတ်ခြင်း အမျိုးစား တခုစီရဲ့ အသေးစိတ် အချက်အလက်အတွက် ဘယ်လိုမှ ပြည့်စုံလုံလောက်မှာ မဟုတ်ပါဘူး။ Aspirin နဲ့မှ မဟုတ်ပါဘူး လေဖြတ်ခြင်းကို ဆေးနဲ့ ကုသလို့ မရနိုင်ပဲ လေဖြတ်ပြီးသူဟာ နောက်တကြိမ် ပြန်ဖြစ်ဖို့အလားလာ သိပ်ကို များတဲ့အတွက် ပြန်မဖြစ်အောင် ကာကွယ်တဲ့နေရာမှာ အများဆုံးသုံးတဲ့ ဆေးတွေအဖြစ် ဥပမာပေးရင်း Aspirin ကို အမည်တပ်လိုက်တာသာ ဖြစ်ပါတယ်။ လူနာတိုင်းကို Aspirin ကုရမယ်လို့ ပြောတာမဟုတ်ပါဘူး။ သွေးစစ်ပြီး သွေးထဲမှာပါဝင်တဲ့ အဖြေကိုမူတည်ပြီး ဘယ်ရောဂါ အမျိုးအစားကို ကာကွယ်ဖို့ ဘယ်လူနာကို ဘာဆေးပေးရမယ်ဆိုတာ ဆရာဝန်တွေက Evidence based ကို အခြေခံပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဆရာ ပြောတဲ့ (haemorrhagic) ကိုပဲ ခွဲစိတ်ရတာ ဖြစ်ပြီး (embolic stroke) ကိုတော့ ခွဲစိတ်စရာ မလိုဘူးဆိုတာ နောက်ပိုင်းတော့ ပြောမတတ်ဘူး ပြီးခဲ့တဲ့နှစ် မေလ Neuro-surgical ward ကို ကျွန်မ Clinical သွားရတဲ့ အချိန်ထိတော့ ခွဲစိတ်ပြီး သွေးကြောကို bypass ပြန်လုပ်ပြီး ပြုပြင်ထားတဲ့ လူနာတွေကို တွေ့ရသေးတယ်။ ကျွန်မသိရသလောက် Diagnosis ထဲက အဖြေကိုကြည့်ပြီး ပျက်စီးသွားတဲ့ သွေးကြောကို bypass ပြန်လုပ်လို့ အကျိုးထူးသေးတယ်လို့ ယူဆရင် ဘာအမျိုးအစားပဲ ဖြစ်ဖြစ် ခွဲစိတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မရေးတဲ့ ပို့စ်အများစုက ကိုယ်တိုင် Clinical အတွေ့အကြုံထက် Mid-line, Cochrane library စတဲ့ တက္ကသိုလ်က ပေးထားတဲ့ Database တွေထဲက Systemic literature review အချက်အလက်တွေ ပိုများလို့ Evidence based resources တွေသာ ဖြစ်ပြီး Primary resources တွေ မဟုတ်လို့ ပြည့်စုံမှု မရှိနိုင်ဘူး။ ဒါကြောင့်မို့ ဆရာတို့လို လူနာတွေနဲ့ အမြဲတမ်း တကယ်လက်တွေ့ လုပ်နေသူတွေဆီက မှတ်ချက်တွေ၊ အကြံပြုမှုတွေကို အလေးအနက် တန်ဖိုးထားပါတယ်။ နောက်ထပ်လည်း မှားနေတာ တွေ့လို့ဖြစ်စေ၊ မပြည့်စုံဘူးထင်လို့ ဖြစ်စေ မှတ်ချက်ပေးတာကို ကျေးဇူးတင်လျက် ကြိုဆိုနေပါတယ်။