အိတ်ခ်ျအိုင်ဗွီ သီချင်းနဲ့ ပတ်သက်လို့ မေးတဲ့သူ ရှိလာလို့ တင်လိုက်တာပါ။
Saturday, July 11, 2009
8th ICAAP Song
အိတ်ခ်ျအိုင်ဗွီ သီချင်းနဲ့ ပတ်သက်လို့ မေးတဲ့သူ ရှိလာလို့ တင်လိုက်တာပါ။
Posted by
tune
3
comments
Labels: Behavior change communication
Friday, July 10, 2009
Website on Nutrition
အာဟာရနဲ့ ပတ်သက်လို့ တော်တော်လေး ပြည့်ပြည့်စုံစုံ ရှိတဲ့ website လေးကို တွေ့မိလို့ ပြန်မျှပေးလိုက်တာပါ။
ဝင်လို့ ရကြမယ်လို့ မျှော်လင့်ပါတယ်။
အဲဒီမှာက ကိုယ့်ရဲ့ တစ်နေ့တာ လိုအပ်ချက်ကို အသက်၊ အရပ်၊ ကိုယ်အလေးချိန်၊ ကျား၊မ၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ချိန် စတာတွေ ဖြည့်ပြီး တွက်ချက်လို့ ရပါတယ်။
တစ်ခု ရှိတာက အင်္ဂလိပ်လိုတွေ ဖြစ်နေတာရယ်၊ သူတို့ နိုင်ငံက အစားအသောက် ပုံစံနဲ့ တိုင်းတာ ပြောဆိုထားတာတွေရယ်ပါ။
အရင်က တင်ထားတဲ့ အာဟာရ ဆိုင်ရာ ပို့စ်တွေနဲ့ တွဲပြီး ကြည့်ရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။
Posted by
tune
2
comments
Labels: Nutrition
Thursday, July 9, 2009
Treatment of Cervical Spondylosis
ကျီးပေါင်းတက်ခြင်းကို ကုသခြင်း
Cervical Spondylosis ကျီးပေါင်းတက်ခြင်း ပို့စ်ကို ဒေါက်တာစိုးထက် တင်ခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။ ကုသမှု အပိုင်းကို နောက်ပိုင်းဆက်လက် တင်ပြပါမည် ဆိုထားသော်လည်း ဒေါက်တာစိုးထက် မအားလပ်သောကြောင့် မတင်ဖြစ်ခဲ့သည်ကို တွေ့ရသည်။ စာဖတ်သူ တစ်ဦး၏ တောင်းဆိုမှုကြောင့် မတင် ဖြစ်ခဲ့သည့် ကုသမှု အပိုင်းကို အခုမှ တင်ပေးလိုက်ပါသည်။ ပို့စ်တင်သူ နှစ်ယောက် ဖြစ်နေသော်လည်း ယခုတင်သည့် ကုသမှု အပိုင်းသည် ယခင် ဒေါက်တာ စိုးထက်တင်သည့် ပို့၏ အဆက်ဖြစ်သောကြောင့် မူရင်း ပို့စ်ကို ဒီမှာ ဖတ်ပြီးမှ ဒီပို့စ်ကို ဖတ်ရန် အကြံပြုလိုပါသည်။
ကျီးပေါင်းတက်ခြင်းကို ကုသခြင်း၏ အဓိက ရည်ရွယ်ချက်မှာ နာကျင်ခြင်းမှ သက်သာစေရန်နှင့် နာ့ဗ်ကြော များနှင့် ကျောရိုးအာရုံကြောမကြီးကို မပျက်စီးအောင် ကာကွယ် ထိန်းသိမ်း ရန်ပင်ဖြစ်သည်။ ရောဂါ အပျော့ အပြင်းအပေါ် မူတည်ပြီး ကုသသည့် ပုံစံကို အောက်ပါအတိုင်း အဆင့် သုံးဆင့် ခွဲထားသည်ကို တွေ့ရပါသည်။
မပြင်းထန်သေးသည့် အဆင့်ကို ကုသခြင်း (Treatment of mild cases)
ရောဂါ မပြင်းထန်သော အဆင့်တွင်ကို ကုသရာတွင် ကျန်းမာရေး ပညာရှင်များ၏ ညွှန်ကြားချက်ကို အတိအကျ လိုက်နာပြီး အိမ်မှာ နေရင်းဖြင့် ကုသနိုင်ပါသည်။
(၁) Neck brace ခေါ် လည်ပင်းကွပ်ကို နေ့ဘက်တွင် တပ်ထားပေးခြင်း
လည်ပင်း၏ လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ကန့်သတ်ရန်နှင့် နာ့ဗ်ကြောများ ခံနိုင်ရည် ရှိစေရန်အတွက် ဖြစ်သည်။
(၂) အကိုက်ခဲ သက်သာစေရန် အကိုက်ခဲပျောက်ဆေးများ အသုံးပြုခြင်း
(၃) Physiotherapist ၏ အကူအညီဖြင့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စသည်တို့ဖြင့် မပြင်းထန်သေးသည့် အဆင့်ကို သက်သာစေနိုင်ပါသည်။
အခြေအနေပိုဆိုးသည့် အဆင့်ကို ကုသခြင်း (Treatment of more serious cases)
ခွဲစိတ်ရန် မလိုအပ်ဘဲ ပိုမို ပြင်းထန်သည့် အခြေအနေကို ကုသမှုများမှာ
(၁) နာ့ဗ်ကြောများ၏ ဖိအားကို လျှော့နည်းစေရန် တစ်ပတ်၊ နှစ်ပတ်ခန့် ဆေးရုံတက် အနားယူပြီး လည်ပင်းကို Traction ခေါ် လည်ပင်းထိန်းသည့် ငြမ်းဖြင့် လုံးဝမလှုပ်ရှားစေပဲ ယာယီ အနားပေးခြင်း။
(၂) ကြွက်သားကို ပြေလျော့ အနားပေးစေသော ဆေးများ အသုံးပြုခြင်း။
(၃) Corticosteroid ထိုးဆေးကို ကျောရိုးဆစ်ကြား ထိုးပေးခြင်း၊ အလွန်အမင်း နာကျင်သော နေရာများကို ထုံဆေးများထိုးခြင်း စသည်တို့ဖြင့် နာကျင်ခြင်းနှင့် ရောင်ယမ်းခြင်းကို လျော့နည်းစေရန် ထိန်းချုပ်ပြီး ကုသနိုင်သည်။
အဆိုးဆုံး အခြေအနေအား ကုသခြင်း (Treatment most serious cases)
Posted by
Nge Naing
2
comments
Labels: Cervical Spondylosis, ENT
Sunday, July 5, 2009
Content Page
မာတိကာ
ဒီမှာ ပို့စ်တွေကို ပြန်ရှာရခက်နေတာ၊ ဘယ်နားမှာ ဘာရှိမှန်း မသိတာတွေ ကိုယ်ကိုယ်တိုင်ရော တခြားသူတွေပါ ကြုံနေရတာကို သတိပြုမိနေတာ ကြာပါပြီ။
မာတိကာလေး လုပ်ချင်ပေမယ့် အချိန်ယူပြီး လုပ်ရမှာမို့ မစရဲခဲ့ဖူး။
အခုတော့ အကြောင်းတိုက်ဆိုင်တာနဲ့ မာတိကာလေး လုပ်ဖြစ်သွားခဲ့တယ် ဆိုပါတော့။
လုပ်တတ်သလို လုပ်လိုက်တာမို့ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ ရှိပါလိမ့်မယ်။
ဒါပေမယ့် အနည်းနဲ့ အများ အကျိုးရှိလိမ့်မယ်လို့ ယူဆပါတယ်။
Shout box အပေါ်နားမှာ ရှိတဲ့ မာတိကာ ဆိုတဲ့ နေရာလေးကို နှိပ်လိုက်ရင် စာမျက်နှာလေး တစ်ခု ကျလာပါလိမ့်မယ်။
မာတိကာကို နှစ်အလိုက် ခွဲထားပါတယ်။ ပို့စ်တွေကို ပြန်ရှာရင် တွေ့ရမယ့် အတိုင်း နောက်ပြန်စီထားပေးပါတယ်။
Posted by
tune
13
comments
Labels: Announcement
Wednesday, July 1, 2009
Be flu free
အစကတော့ ၀က်တုပ်ကွေး။ ၀က်တွေမှာတွေ့ရတဲ့ တုပ်ကွေးမိုလို့ ၀က်တုပ်ကွေး။ နောက်တော့ လူတွေဆီ ရောက်လာပြီ။ အခုချိန်မှာတော့ လူတွေကနေ လူအချင်းချင်းကို ကူးကုန်ကြပြီ။ စဖြစ်တဲ့ နိုင်ငံက မက္ကဆီကို။ အဲဒီဗိုင်းရပ်စ် စကာင်္ပူကို ရောက်လာတာက မေလ ၂၇ ရက်နေ့မှာ။ အခုတော့ ရန်ကုန်ကို ဆက်ရောက်သွားပြီ။
ရန်ကုန်ကို ၀က်တုပ်ကွေး ရောက်ပြီဆိုတာ နိုင်ငံပိုင်သတင်းစာက ကြေညာတော့ လူတွေလည်း ဘုမသိဘမသိ အလန့်တကြားတွေဖြစ် ခြောက်ခြားကုန်ပြီ။ နှစ်ပေါင်းများစွာ သတင်းအမှောင်ချခံရတာ များလွန်းတော့လည်း လူတွေလည်း ဟုန်သွား ထုံသွားကုန်တာလား။ ဒါမှမဟုတ် ရေစစ်ဇကာတွေ များလွန်းတဲ့ ပြည်တွင်းမီဒီယာက ပေးသမျှ သတင်းကို မယုံရဲတာလား။ တစ်ခုခုတော့ တစ်ခုခုပါပဲ။
ဝယ်လိုက်ကြတဲ့ နှာခေါင်းစည်းတွေ ပင်ရင်းဒိုင်တွေမှာတောင် ပစ္စည်းပြတ်ကုန်တယ်ဆိုပဲ။ ဈေးတွေကလည်း ခုန်တက်သွားပြီ။ ထုံးစံအတိုင်း ခေတ်ပျက်သူဌေးကြီးတွေ ပေါ်လာအုံးမယ်။ ပွဲလန့်တုန်း ဖျာဝင်ခင်းကြမယ့် အလှူရှင်ကြီးတွေ လာကြအုံးမယ်။ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ပြီး မဏ္ဍပ်တိုင် တက်ပြမယ့် လူကြီးမင်းတွေ တွေ့ရအုံးမယ်။ အော့နှလုံးနာ စိတ်ပျက်စရာတွေက ခြောက်ခြားစရာထက် ပိုမယ်လို့ မြင်နေမိပါတယ်။
စင်္ကာပူမှာက အဲဒီတုပ်ကွေးဗိုင်းရပ်စ် ရောက်နေတာ ၁ လ ကျော်နေပါပြီ။ ကူးစက်တဲ့ ဦးရေလည်း ၈၀၀ နီးပါး ဖြစ်နေပါပြီ။ ကျွန်တော် တွေ့သလောက်တော့ အများစုမှာ တုန်လှုပ်ခြောက်ခြားတဲ့ ပုံစံမျိုး မတွေ့ရပါဘူး။ နေ့စဉ်ဓူဝ ဖြတ်သန်းနေတဲ့ ပုံစံလေးအတိုင်း ပုံမှန်လေးပဲ သွားလာလှုပ်ရှားနေကြပါတယ်။ မီဒီယာတွေမှာ နေ့စဉ်လိုလို အဲဒီဗိုင်းရပ်စ်အကြောင်း၊ ကူးစက်ခံနေတဲ့ဦးရေကို သတင်းပေး ဖော်ပြနေလို့ပဲလား။ ဒါမှမဟုတ် စင်္ကာပူရဲ့ ကျန်းမာရေးဝန်ဆောင်မှု အဆင့်အတန်းကို ယုံကြည်အားထားလို့ပဲလား။ အများပြည်သူမြင်ကွင်းမှာ နှာခေါင်းစည်းတွေနဲ့ သွားလာ လှုပ်ရှားနေတာကို တွေ့ရတာ ရှားလွန်းလှပါတယ်။
အဲဒီတုပ်ကွေးဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ပုံကို နားလည်သဘောပေါက်ထားခဲ့ရင် နှာခေါင်းစည်းတစ်ခုတည်းနဲ့ ကာကွယ်လို့ မရဘူးဆိုတာ သဘောပေါက်ကြမှာပါ။ ကူးစက်ပုံက... ဗိုင်းရပ်စ်ရှိနေတဲ့ အရာဝတ္ထုတစ်ခုခုကို လက်နဲ့ကိုင်မိပြီး အဲဒီလက်နဲ့ပဲ နှာခေါင်း၊ ပါးစပ်ကို ထိမိရင် ကူးစက်သွားနိုင်ပါတယ်။ နှာခေါင်းစည်းကြီး ကာထားပြီး ဗိုင်းရပ်စ်ရှိတဲ့လက်နဲ့ ထမင်းစား ရေသောက်ချိန်မှာ နှာခေါင်းတွေ ပါးစပ်တွေကို ထိမိရင်လည်း ကူးနိုင်တာပါပဲ။ အဲဒီတော့ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးဖို့က ပိုပြီး အရေးကြီးပါတယ်။
ကောင်းမွန်မှန်ကန်တဲ့ ကျန်းမာရေး အမူအကျင့်တွေ ရှိရင် ရောဂါကူးစက်မှာကို သိပ်ပြီး တွေးပူစရာ မလိုပါဘူး။ အစာ မစားမီ၊ အိမ်သာက ဆင်းလာတိုင်း၊ နှာချေ၊ ချောင်းဆိုးပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးသင့်ပါတယ်။ နှာချေ၊ ချောင်းဆိုးတဲ့အချိန်မှာ တစ်ရှူးစက္ကူ၊ ဒါမှမဟုတ် လက်ကိုင်ပုဝါနဲ့ ကာပြီးမှ နှာချေ ချောင်းဆိုးသင့်ပါတယ်။ နေမကောင်းဘူးလို့ ခံစားနေရရင် ဆရာဝန်ပြ ကုသသင့်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဆီကနေ သူများဆီကို မကူးရအောင် ကျောင်းသွားတာတို့၊ အလုပ်သွားတာတို့၊ ဈေးဝယ်ထွက်တာတို့ ရှောင်သင့်ပါတယ်။ အဲဒီအချိန်မှာ နှာခေါင်းစည်းကိုလည်း မဖြစ်မနေ သုံးသင့်ပါတယ်။
အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ နေ့တိုင်းလိုလို စားသင့်ပါတယ်။ ရေများများ သောက်ဖို့လည်း မမေ့သင့်ပါဘူး။ ကိုယ်ခံအားကောင်းဖို့အတွက် အိပ်ရေးဝဖို့ကလည်း အရေးကြီးလှပါတယ်။ အဲဒါကြောင့် အလုပ်ကြီးပဲ ဖိမလုပ်ပဲ အနားယူကြပါ။ သွေးလေလည်ပတ်မှု ကောင်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ၁ နာရီစာကို တစ်ပတ်မှာ ၅ ရက်လောက် လုပ်သင့်ပါတယ်။ ဆေးလိပ်သောက်တာကလည်း ဗိုင်းရပ်စ်ကူးစက်ဖို့ အခွင့်အရေး ပိုများတဲ့အတွက် ဆေးလိပ်သောက်တတ်တဲ့သူတွေ ဆေးလိပ်သောက်တာကို လျှော့သင့်ပါတယ်။
အဲဒီလိုမှန်ကန်တဲ့ ကျန်းမာရေး အမူအကျင့်တွေ ရှိနေရင် ဒီဗိုင်းရပ်စ် ကူးစက်မှာကို တုန်လှုပ်ခြောက်ခြားစရာ မလိုတော့ပါဘူး။ အဲဒီတော့... ဘုမသိဘမသိ ကြောက်လန့်နေမယ့်အစား တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ မျှတကောင်းမွန်တဲ့ စားသောက်နေထိုင်မှုတွေနဲ့အတူ ကျန်းမာရေးကို ထိန်းသိမ်း စောင့်ရှောက်ကြပါလို့ တိုက်တွန်းချင်ပါတယ် ခင်ဗျာ။
Posted by
July Dream
4
comments
Labels: Emerging disease, Public health
Wednesday, June 24, 2009
Electro Convulsive Therapy (ECT)
ECT ကို လူတွေ ကြောက်တယ် ဆိုတာ အဆိုးတွေကိုပဲ ပုံကြီးချဲ့ပြတဲ့ မီဒီယာတွေ၊ သြဇာရှိသူတွေရဲ့ သက်ရောက်မှုတွေကြောင့်သာ ဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာတွေ့ရှိတဲ့ အန္တရာယ်ရှိမှုကြောင့် မဟုတ်ပါဘူး။ တနည်းအားဖြင့် အရပ်ပြောနဲ့ပဲ ရမ်းကြောက်နေကြတာ ဖြစ်ပါတယ်။
ခုခေတ်မှာတော့ လူနာကို ရှော့ခ်ပေးချိန် မိနစ်ပိုင်းလေးအတွင်း မေ့ဆေး ပေးထားလို့ ရတယ်။ ရှော့ခ်ကြောင့် တက်တဲ့အခါ ကြွက်သားတွေ အရမ်း မလှုပ်ရှားရလေအောင် ဖြေဆေး ပေးထားတယ် ဆိုတော့ မလိုအပ်တဲ့ ကြောက်စရာ အတွေ့အကြုံတွေ မရှိတော့ပါဘူး။ လူနာကလည်း ဟန်မပျက်လေး ပြန်နိုးလာ လက်ဖက်ရည် သောက်ပြီး နာရီဝက်လောက် နေရင် လူနာဆောင်ထဲ ပြန်နိုင်တာပဲ။ အဲဒီလို စိတ်ချရတဲ့ ကုထုံး ဖြစ်ဖို့ ခေတ်မီ စက်ကိရိယာ၊ ဆေးဝါးနဲ့ တတ်သိကျွမ်းကျင်မှုတွေတော့ အများကြီး လိုတာပေါ့။
Posted by
Nu Thwe
5
comments
Labels: Mental health
Sunday, June 21, 2009
Introduction to IEC
ပုံကလေးတွေကို ကြည့်လိုက်ရင် သူ ဘာကို ပြောချင်တယ်ဆိုတာ ရှင်းပြနေစရာ လိုမယ် မထင်ပါဘူး။
အဲဒါအတွက် အသုံးပြုတဲ့ အထောက်အကူပြု ပစ္စည်းတွေက IEC material တွေပေါ့။
ဒီ powerpoint က ပုံလေး နှစ်ပုံကို ဆေးလိပ်သောက်ခြင်းကို တားဆီး ကာကွယ်ရေးအတွက် IEC material တွေလို့ ပြောလို့ရပါတယ်။
Posted by
tune
8
comments
Monday, June 15, 2009
Is Tooth Extraction the only solution ?
သွားနှုတ်လိုက်ရင်ပြီးရောလား...
ရှိပူရသေးကုန်မှအေး..ဆိုသလို..ရှိနာရသေးကုန်မှအေးဘဲ..ဆရာရေ။ အကုန်သာနှုတ်ပေးပါတော့....ဆိုတဲ့ လူနာတွေနယ်မှာတာဝန်ကျတုန်းက ခဏခဏတွေ့ဖူးပါတယ်။ သွားရှိလို့ရောဂါဖြစ်တယ်..သွားမရှိရင်ရောဂါဖြစ်စရာမရှိတော့ဘူး..ဆိုတဲ့ no teeth, no disease အယူအဆဖြစ်ပါတယ်။ သွားတွေတစ်ချောင်းပြီးတစ်ချောင်းပိုးစားရင်စား၊ ရေစီးကမ်းပြိုလိုသွားဖုံးရောင်ပြီးနဲ့တာနဲ့၊ ဘေးကိုယိုင်တာကယိုင်၊ စသည်ဖြင့် အတောမသတ်နိုင်တဲ့ သွားဒုက္ခတွေနှစ်ပေါင်းများစွာခံရတော့လည်း ဒီလိုအတွေးရောက်လာတာပါဘဲ။
သွားနှုတ်ပြီးရင်ပြီးရောလား...
အဖြေကတော့မပြီးပါဘူး။ နောက်ဆက်တွဲတွေအများကြီးဆက်လုပ်ဖို့လိုလာပါလိမ့်မယ်။ ပထမဆုံးသွားတစ်ချောင်းမရှိတော့ရင်ဘာတွေဖြစ်နိုင်လဲကြည့်ရအောင်။
၁။ ရှေ့သွားဖြစ်နေခဲ့ရင် အလှပျက်ပါတယ်။ personality ထိခိုက်ပါတယ်။ လူရှေ့မှာ သွားပေါ်အောင်မရယ်ရဲတော့ဘဲဖြစ်လာပါမယ်။ စကားမပီသဖြစ်နိုင်ပါတယ်။ အထူးသဖြင့်လူတွေနဲ့ဆက်ဆံထိတွေ့နေရတဲ့သူတွေမှာ လူမှုရေးထိခိုက်လာနိုင်ပါတယ်။ စွယ်သွားဖြစ်နေရင်တော့၊ နှုတ်ခမ်းတစ်ဘက်က နိမ့်သွားပြီး မျက်နှာအလှကို ပျက်ယွင်းစေပါတယ်။
၂။ (အံဆုံးကလွဲလို့) အံသွားဖြစ်နေခဲ့ရင်၊ အစာဝါးတာကြေညက်တာထိခိုက်ပါတယ်။ ဘယ်ဘက်အံတစ်ဖက်ကနှုတ်ထားရလို့ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့်ဝါးမရလို့ ရှိရင် ညာဘက်အံနဲ့
ဝါးဖို့ မသိစိတ်ကရွေးချယ်လာပါလိမ့်မယ်။ ဒီလိုတစ်ဘက်ထဲမှာ တောက်လျှောက်
ဝါးတဲ့အကျင့်ရသွားရင်၊ ၀ါးတဲ့ဒဏ်တွေကို တစ်ဘက်ထဲက ခံရလို့၊ သွားတွေမှာအပိုဝန်ပိုထမ်းရတဲ့အပြင်၊ နှစ်ကြာလာရင် မေးရိုးဆစ်မှာ ထိခိုက်လာနိုင်ပါတယ်။
၃။ သွားတွေဟာအသက်ကြီးငယ်မရွေး နေရာအနေအထားရွေ့နိုင်ပါတယ်။ အသက်ငယ်လေ ရွေ့တာပိုမြန်လေဖြစ်ပါတယ်။ သွားတစ်ချောင်းထဲနှုတ်လိုက်ရတာ အရေးမကြီးပါဘူးလေ..ဆိုပြီး ပြန်အစားမထိုးဘဲထားရင်၊
(က) ဘေးကပ်ရက်သွားတွေက လွတ်နေတဲ့နေရာကို ယိုင်ဆင်းလာပါမယ်။ ယိုင်လာတဲ့အတွက် နဂိုက အကြားအလပ်မရှိစေ့နေတဲ့သွားတစ်ချောင်းတဲ့တစ်ချောင်းကြားမှာ၊ နေရာလွတ်ပေါ်လာပြီး၊ အစာစားတိုင်းသွားကြားညပ်လာပါမယ်။ အဲဒီကနေ သွားပိုးစားရောဂါ-သွားဖုံးရောဂါတွေ ဘေးသွားအကောင်းတွေမှာ စဖြစ်နိုင်ပါတယ်။
(ခ) အပေါ်မေးရိုးကသွားတစ်ချောင်းလွတ်နေရင်၊ အောက်မေးရိုးမှာရှိတဲ့ မျက်နှာချင်းဆိုင်ထိ
ဝါးရတဲ့သွားက ၊ ထိစရာသွားမရှိတော့ဘဲ အချိန်မဲ့အမျှ ရှည်ထွက်လာပါတယ်။ အောက်မေးရိုးမှာသွားတစ်ချောင်းမရှိရင်လည်း အလားတူပါဘဲ၊ အပေါ်သွားက ရှည်ကျလာပါတယ်။ အဲဒီလို သွားတွေနေရာပြောင်းတိုင်း သူ့ဘေးက သွားတွေနဲ့ထိစပ်မှုပျက်ယွင်းပြီး အစာညပ်လာရပါတယ်။
၎။ နှုတ်ထားတဲ့သွားနေရာက သွားဖုံးရိုးဟာ၊ နှစ်ကြာလာတာနဲ့အမျှ နိမ့်ဆင်းသွားပါတယ်။ နောင်တစ်ချိန်သွားပြန်အစားထိုးဖို့တောင်ခက်ခဲလာပါတယ်။
၅။ သွားအားလုံးမရှိတော့ရင်၊ သွားတွေကထောက်ပင့်ထားတဲ့၊ နှုတ်ခမ်း-ပါး စတာတွေချိုင့်ဝင်လာပြီး၊ အရေးအကြောင်းတွေမျက်နှာမှာပေါ်လာတဲ့အတွက်၊ လက်ရှိအသက်ထက်ပိုကြီးရင့်တဲ့မျက်နှာပုံဖြစ်လာပါတယ်။

ဒါ့အပြင် အာဟာရဖြစ်မယ့် အသားတို့ အသီးအရွက်တို့ ကိုကြေညက်အောင်မ၀ါးနိုင်တော့လို့၊ အာဟာရချို့တဲ့မှုဖြစ်လာနိုင်ပါတယ်။ အစာမကြေတဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အထွေထွေကျန်းမာရေးပါထိခိုက်လာနိုင်တာဖြစ်ပါတယ်။
ဒါကြောင့် သွားတစ်ချောင်းထဲ-အရေးမကြီးပါဘူးဆိုပြီးပြီးစလွယ်ပစ်မထားသင့်ပါဘူး။ နှုတ်ရတဲ့အဆင့်မရောက်အောင်ထိန်းသိမ်းသင့်ပါတယ်။ မတတ်သာလို့နှုတ်ပစ်ရပြီဆိုလည်း၊ ဆရာ
ဝန်ညွှန်ကြားတဲ့အချိန်မှာ အချိန်မီပြန်အစားထိုးသင့်ပါတယ်။ နောက်ပို့စ်တွေမှာတော့၊ သွားပြန်အစားထိုးကုသမှုရွေးချယ်ပုံအကြောင်းကို ဆွေးနွေးပါဦးမယ်။
posted by Dr. Nyan
Posted by
Dr. Nyan
1 comments
Labels: Dental health
Saturday, June 6, 2009
Reaching People
လက်လှမ်းမီ ရောက်ရှိမှုအကြောင်း တစ်စေ့တစ်စောင်း
အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ရှိသူတွေကို လက်လှမ်းမီ ရောက်ရှိဖို့ ခက်ခဲနေတဲ့ အကြောင်း လာမေးထားတဲ့ မေးခွန်းကလေးကြောင့် ဒီပို့စ်ကို ရေးဖြစ်တာပါ။
ဖတ်ထားတာတွေ၊ ရထားတာတွေထဲက ပြန်ဆွဲထုတ်ပြီး ကိုယ်နားလည်သလို ပြန်ပြောမှာမို့ စာကိုးတွေကို အတိအကျ ပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒီအတွက် ကြိုတင် တောင်းပန်ချင်ပါတယ်။ စာကိုးတွေ ရှာတွေ့မှ ရေးမယ်ဆိုရင် တော်တော်နဲ့ ရေးဖြစ်မှာ မဟုတ်လို့ ဒီအတိုင်းပဲ ရေးလိုက်တာပါ။
Empathy ဆိုတဲ့ စကားလုံးလေးကို အရင် ပြောပြချင်ပါတယ်။
Sympathy နဲ့ ကွာခြားပြီး ကိုယ် လက်လှမ်းမီ ရောက်ရှိချင်သူတွေ အပေါ်မှာ လက်လှမ်းမီ ရောက်ရှိချင်သူက အမှန်တကယ် ရှိသင့်တဲ့ သဘောထားလေးပါ။
မြန်မာလို ပြန်ရင်၊ စကားလုံး နှစ်ခု စလုံးကို ကိုယ်ချင်းစာစိတ်၊ စာနာစိတ်လို့ ပြန်ယူရမယ် ထင်ပါတယ်။
ဒါပေမယ့် ကွာခြားချက်က sympathy က သူများ ငိုရင် လိုက်ငိုချင်တဲ့ စိတ်မျိုး၊ သူများနေရာမှာ ၀င်ပြီး ခံစားပေးချင်တဲ့ စိတ်မျိုးလို့ ပြောရမယ် ထင်ပါတယ်။ Sympathy က ကူညီသူကိုရော၊ ကူညီခံရသူကိုပါ ပျော့ညံ့သွားစေပါတယ်။
Empathy က ဘေးကနေ အားပေးတာ။ သူ ငို သလို လိုက်မငိုပါဘူး။ သူ့နေရာမှာ ၀င်ပြီး မခံစားပါဘူး။ သူ့အနေအထားကို နားလည်ပြီး သူနဲ့ အတူတူ ဘေးက လိုက်လျှောက်ပေးတာလို့ ပြောပြရင် အနည်းငယ် သဘောပေါက်မယ်လို့ ထင်ပါတယ်။ Empathy က ကူညီခံရသူကို အားတက်လာစေသလို၊ ကူညီတဲ့ သူကိုလဲ ထိခိုက်စေမှု နည်းပါးပါတယ်။
ကျွန်မတို့ တစ်တွေ ကိုယ့်မှာ ရှိလာအောင် ဆောင်ရွက် ယူရမှာက empathy ပါ။ sympathy မဟုတ်ပါဘူး။
လူတွေကို လက်လှမ်းမီ ရောက်ရှိချင်ရင် အဲဒီ empathy နဲ့ သူတို့ရဲ့ အနေအထားကို သေသေချာချာ နားလည်အောင် ဆောင်ရွက်ရပါတယ်။
လူနာကို ဆရာဝန် တစ်ယောက်က ဆေးကုတဲ့အခါ ရောဂါ ရှာဖွေမှု (diagnosis) ကို အရင် လုပ်ရသလို လူထုကို လက်လှမ်းမီ ရောက်ရှိချင်တဲ့ ကျန်းမာရေး လုပ်သားတွေကလဲ ကိုယ် ကူညီဖို့ ဦးတည်ထားတဲ့ လူထုရဲ့ အနေအထားကို ရောဂါရှာဖွေသလို အခြေအနေ အရပ်ရပ်ကို သိအောင်၊ သဘောပေါက်အောင် ကြိုးစားအားထုတ်ဖို့ လိုပါတယ်။
ရောဂါကို သိမှ အမှန်တကယ် လိုအပ်တဲ့ ဆေးကို ပေးနိုင်သလို ကိုယ် ဦးတည် အုပ်စု ၀င်တွေရဲ့ အနေအထားနဲ့ လိုအပ်ချက်ကို သေသေချာချာ သိမှ အမှန်တကယ် ထိရောက်တဲ့ ကူညီဆောင်ရွက်မှုတွေ၊ ပညာပေးမှုတွေကို ဆောင်ရွက်နိုင်မှာပါ။
အဲဒါကြောင့် စီမံချက် တစ်စုံတစ်ခု မစတင်ခင်မှာ မေးခွန်းလွှာတွေ မေးရတာ၊ စစ်တမ်းကောက်ရတာ စတာတွေနဲ့ အဲဒီလူထုရဲ့ အနေအထားကို ရောဂါရှာဖွေသလို ရှာဖွေရတာပါ။
အဲဒါက စီမံချက် ဆောင်ရွက်နေစဉ်မှာနဲ့ စီမံချက် ပြီးဆုံးတဲ့ကာလတွေမှာ ပြန်လည် သုံးသပ်ဖို့ကိုလဲ အထောက်အကူ ဖြစ်စေပါတယ်။
အကယ်၍ ကိုယ်တိုင် မလုပ်နိုင်ဖူးဆိုရင် ကိုယ်ဦးတည်ထားတဲ့ အုပ်စုဝင်တွေနဲ့ အလားသဏ္ဍာန်တူတဲ့ ဦးတည်အုပ်စုနဲ့ ပတ်သက်လို့ သူများတွေ လုပ်ထားတဲ့ ဆန်းစစ်ချက်တွေကို ရှာဖွေပြီး အသုံးပြုနိုင်ပါတယ်။
ဒါပေမယ့် နေရာဒေသ၊ လူမျိုး၊ လူနေမှု အဆင့်အတန်း စတာတွေ အပေါ်မှာ မူတည်ပြီး လိုအပ်ချက်တွေ ကွဲပြားသွားနိုင်တာမို့ တစ်နေရာမှာ တွေ့ထားတာကို တစ်နေရာမှာ အတိအကျ ပုံတူ ကူးပြီး ပြန်သုံးဖို့ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။
ဘာမှ မရှိတာထက် စာရင်တော့ အများကြီး ကောင်းတယ်လို့ ပြောလို့ ရပါတယ်။
ဥပမာ - အိတ်ခ်ျအိုင်ဗွီပိုးနဲ့ နေရသူ အများစုက နာမည်ဆိုး သတ်မှတ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှု (stigma and discrimination) ကို ခံစားနေကြရကြောင်း တွေ့ရှိထားပြီးသားပါ။
ဒါကို အကူအညီ ပေးချင်သူတွေက သိထားပြီး အဲဒီအတွက် ဘယ်လို ပြင်ဆင်မှုတွေ လုပ်ကြမလဲဆိုတာကို ကြိုတင် စဉ်းစားကြရမှာပါ။
ကိုယ့်ကြောင့် သူတို့မှာ ပိုပြီး နစ်နာမသွားဖို့ သတိပြုရပါမယ်။
ကိုယ့်ကြောင့် ပိုပြီး နစ်နာမယ် ဆိုရင် သူတို့ကို လက်လှမ်းမီ ရောက်ရှိရမယ့် အစား သူတို့နဲ့ ပိုပြီးတော့ ဝေးကွာသွားပါလိမ့်မယ်။
နောက်တစ်ခုက ကိုယ် ပြောတာကို နားထောင် စေချင်ရင်၊ ကိုယ် ပြောတာတွေကို ယုံကြည်သက်ရောက်စေချင်ရင် ယုံကြည်မှု တည်ဆောက်ရပါတယ်။
ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ အသုံးဝင်တဲ့ နည်းလမ်းလေးတစ်ခုက empathic listening ပါ။
လူအများစုက သူများပြောတာကို နားထောင်တဲ့အခါ ကိုယ် ဘာပြန်ပြောရမလဲဆိုတာကို တွေးပြီး နားထောင်လေ့ ရှိကြပါတယ်။
နားထောင်ကြတဲ့ အခါမှာ အများစုက အောက်ပါ အဆင့်လေးဆင့်နဲ့ နားထောင်ကြတယ်လို့ Stephen R. Convey ရဲ့ seven habits of highly effective people မှာ ဆိုထားပါတယ်။
- လျစ်လျူရှုတာ
- နားထောင်ချင်ယောင်ဆောင်တာ
- တစ်ချို့တစ်ဝက်ကိုပဲ ရွေးပြီး နားထောင်တာ
- အမှန်တကယ် အာရုံစိုက်ပြီး နားထောင်တာ
အဲဒီလေးခုထက် ပိုမြင့်တာက စာနာစိတ်နဲ့ နားထောင်တာလို့ ဘာသာပြန်လို့ ရမယ့် empathic listening ပါ။
ကျွန်မတို့ ပြောတဲ့ စကားတွေရဲ့ ၁၀ ရာခိုင်နှုန်းကပဲ ကျွန်မတို့ ဘာပြောနေတယ်ဆိုတာကို ကိုယ်စားပြုပါတယ်။ ကျွန်မတို့ အသုံးပြုတဲ့ အသံအနေအထားရဲ့ ၃၀ ရာခိုင်နှုန်းက ပြောနေတဲ့ အကြောင်းအရာကို ကိုယ်စားပြုပြီး ကျွန်မတို့ရဲ့ ကိုယ် အမူအရာ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။
အဲဒီတော့ အမှန်တကယ် နားထောင်သလား နားမထောင်ဘူးလားဆိုတာ ကိုယ့်ရဲ့ အမူအရာတွေမှာ ဖော်ပြ နေလေ့ ရှိပါတယ်။ စကားလုံးတွေနဲ့ ဆုံးဖြတ်လို့ မရပါဘူး။
အမှန်တကယ် နားထောင်ခြင်းက သူတို့ ဘာလိုအပ်သလဲဆိုတဲ့ ရောဂါရှာဖွေမှုကို ပြုလုပ်နိုင်ဖို့ အတွက်လဲ အများကြီး အထောက်အကူ ပြုပါတယ်။
စစ်တမ်းတွေ၊ အထောက်အထားတွေ မရှိဘဲနဲ့ အဲဒီလူထုထဲက အမှန်တကယ် လိုအပ်ချက်တွေကို သိနိုင်တဲ့ အခြား နည်းလမ်းတစ်ခုလို့ ပြောလို့ရမယ် ထင်ပါတယ်။
အဲဒီ ဦးတည်အုပ်စုဝင် လူထုကို သြဇာသက်ရောက်နိုင်တဲ့သူ၊ ပြောရင် သူတို့ နားထောင်မယ့်သူကို ရှာဖွေလေ့လာပြီး အဲဒီသူတွေကနေ တစ်ဆင့် ချည်းကပ်ဖို့ကိုလဲ shoutbox က အဖြေမှာ ပြောခဲ့ပါတယ်။
အဲဒါက တစ်ခါတစ်လေမှာ ဘာသာရေး ခေါင်းဆောင်၊ တစ်ခါတစ်လေမှာ ရပ်ရွာလူကြီး ဖြစ်နိုင်သလို၊ တစ်ခါတစ်လေမှာ နတ်ဆရာလို၊ ရမ်းကုဆရာလို မျိုးတွေလဲ ဖြစ်နေတတ်ပါတယ်။
အဲဒီအခါမှာ သူတို့ကို ကိုယ့်ဘက်ပါအောင်၊ သူတို့ သြဇာ သက်ရောက်တဲ့ လူထုထံကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပေးဖြစ်လာအောင် ဘယ်လို စည်းရုံးမလဲဆိုတာ စည်းရုံးတဲ့သူရဲ့ အစွမ်းအစ၊ ထိုးထွင်းဥာဏ်၊ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ အများကြီး သက်ဆိုင်သွားပါတယ်။
အဲဒါက အနုပညာ တစ်ရပ်လို့တောင် တင်စားယူလို့ ရမယ့် ပညာရပ်ပါ။
နောက်တစ်ခု သတိထားဖို့ ပြောချင်တာက ကိုယ် တွေ့လာတဲ့ လိုအပ်ချက်တွေကို ထည့်တွက်ပြီး ကူညီဆောင်ရွက်ပေးဖို့ပါ။
ဥပမာ - လူတွေရဲ့ လက်ဆေးမှု အပြုအမူကို ပြောင်းလဲအောင် ပညာပေးမယ်ဆိုရင် နှစ်ဆယ့်လေးနာရီ ဘုံဘိုင်က ရေရနေတဲ့ သူတွေအပေါ် သက်ရောက်မှုနဲ့ အလွန် ရေရှားတဲ့ အရပ်ဒေသက လူတွေအပေါ်မှာ သက်ရောက်မှုက အလွန်အမင်း ကွာခြားပါလိမ့်မယ်။
အဲဒီတော့ အဲဒီလို ရေရှားတဲ့ ဒေသက လူတွေကို လက်ဆေးတဲ့ အပြုအမူ ပြောင်းလဲစေချင်ရင် ရေ ဘယ်လို ရနိုင်မလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားပြီး လမ်းညွှန်ပေးဖို့ လိုပါတယ်။
တကယ့် လိုအပ်ချက်ကို မဖြည့်ပေးနိုင်ဘဲ အပြုအမူ ပြောင်းလဲအောင် လုပ်ဖို့ဆိုတာ အလွန်ကို ခဲယဉ်းတဲ့ ကိစ္စပါ။
ဒါက လက်ရှိအချိန်မှာ တွေးမိသလောက် အစကလေးတွေကိုပဲ ဆွဲထုတ်ပြီး ပြန်ပြောပြတာပါ။
စာကိုးတွေကို ရှာတွေ့တဲ့အခါ ထပ်ပြီး ဖြည့်စွက်ပြောပေး၊ ညွှန်းပေးပါမယ်။
ဒီဘက်ပိုင်းမှာ ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမတွေလဲ ၀င်ရောက် ဖြည့်စွက် ဆွေးနွေး ပေးစေလိုပါတယ်။
Posted by
tune
2
comments
Tuesday, June 2, 2009
Introduction to Public Health
သက်ရှိသတ္တ၀ါတွေရဲ့ ထူးခြားတဲ့ အရည်အချင်းတစ်ရပ်ကတော့ လှုံ့ဆော်မှုတစ်ခုလာရင် တုံ့ပြန်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူတွေသာမကပဲ သက်ရှိအားလုံးဟာ အသက်ရှင် ရပ်တည်ဖို့အတွက် ပတ်ဝန်းကျင်ရဲ့ လှုံဆော်မှုတွေကို လစ်လျူရှုလို့ မရပါဘူး။ သင့်တင့်လျှောက်ပတ်တဲ့ တုံ့ပြန်မှုကို ပြုလုပ်ရပါတယ်။ English လိုတော့ Responsibility လို့ခေါ်ပါတယ်။ အဲဒီ စကားလုံးကို ဗမာတွေက တာဝန်ယူတယ်လို့ ဘာသာပြန်တယ်ဗျ။ ကျွန်တော်ကတော့ အဲဒီလို ဘာသာပြန်တာကို သိပ်ပြီး မကြိုက်လှဘူး။ ဘာဖြစ်လို့လဲဆိုတော့ မပြည်စုံလို့ပါ။ တာဝန်ဆိုတာက မလုပ်ချင်လုပ်ချင် လုပ်ရတဲ့ meaning ပါနေတယ်။ တကယ်က အသိဥာဏ်မြင့်တဲ့ လူတစ်ယောက်အတွက် လုပ်ကို လုပ်ရမည့် အလုပ်သာ ဖြစ်တယ်။ ဘယ်သူကမှ လာပြီး တာဝန်ပေးစရာ မလိုပါဘူး။
လူရယ်လို့ ဖြစ်လာရင် responsibility တွေက အများကြီး ပါလာပြီးသား။ အဲဒါတွေကို မတုံ့ပြန်ဘဲ နေနေမယ်ဆိုရင် အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးထဲမှာ ကိုယ်လူမျိုးတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ ခေတ်နောက်ကျသွားလိမ့်မယ်လို့ ကျွန်တော်မသုံးပါဘူး။ Why? ကျွန်တော်တို့က ခေတ်ရဲ့နောက်မှာ အများကြီး ကျန်ခဲ့ပြီးသား မို့လို့ပါ။ ဘယ်လိုမှ လက်လှန်းမမီတဲ့ သူတွေအတွက်တော့ မပါပေမယ့် ပညာသင်ကြားဖို့ အခွင့်အလမ်းရှိသူတွေဟာ ကျောင်းပညာကို မိမိရဲ့ အစွမ်းရှိသမျှ စိုက်ထုတ်ပြီး ကြိုးစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကျောင်းသားတိုင်းရဲ့ responsibility လေ။ ပညာတတ်တွေ များလာလေလေ ကိုယ်လူမျိုးရဲ့ ကျန်းမာရေးအဆင့်အတန်းက မြင့်လာလေလေ ဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် အမေတွေရဲ့ ပညာတတ်နှုန်း မြင့်မားလာဖို့ လိုပါတယ်။ ကျွန်တော် အလုပ်သင်ဆရာဝန်ဘ၀ OG ward မှာ တာဝန် ကျတုန်းက ဆေးရုံလာတက်တဲ့ ကိုယ်ဝန်သည် အယောက် ၅၀ လောက်ကို စာရင်းကောက်ဖူးပါတယ်။ အများစုက ရန်ကုန်မြို့ ၀န်းကျင် မြို့နယ်လေးတွေကပါ။ မေးကြည့်လိုက်တော့ တစ်ယောက်မှ ၁၀ တန်း မအောင်တာကို တွေ့ရပါတယ်။ အမေကတော့ ၁၀ တန်း မအောင်ရင် ကလေးတွေကို ကျန်းမာအောင် ဘယ်လိုများ ထိန်းကျောင်းလိမ့်မလဲ။ ပညာရေးက လူတွေ public health awareness ရှိဖို့လိုတယ်ဆိုတာကို ပြနေတာပါ။
အရင်တစ်ခေတ်တုန်းက လူတွေနေကောင်းဖို့ဆိုတာ ဆရာဝန်တွေ၊ ဆရာမတွေရဲ့ တာဝန်လို့ ယူဆခဲ့ကြတယ်။ ဆရာဝန်တွေက ကျန်းမာရေး လုပ်ငန်းမှာ ဦးဆောင်သူ၊ လူတွေက နောက်လိုက်၊ အဲဒီခေတ် မရှိတော့ပါဘူး။ အဲဒါကို paternalistic approach လို့ခေါ်ပါတယ်။ ဘာဖြစ်လို့ ခေတ် မရှိတော့တာလို့ ဆိုရင် ထိရောက်မှု မရှိလို့ပါ။ လူဦးရေနဲ့ ဆရာဝန် အရေအတွက်နဲ့ မမျှတာမို့ ဆရာဝန်တွေက လူနာတိုင်းကို လိုက်ပြီး ထိန်းချုပ်နေလို့ မရနိုင်ဘူးလေ။ နည်းလမ်းသစ်ကတော့ autonomy or informed choice လို့ခေါ်ပါတယ်။ လူထုအတွက် လိုအပ်တဲ့ ကျန်းမာရေးဗဟုသုတတွေ၊ ရောဂါမဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းတွေကို ကလေးဘ၀တည်းက ရိုက်သွင်းခဲ့ရပါမယ်။ ရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်ဖို့က လူထုရဲ့ တာဝန်ပါ။ ဆေးကုတဲ့ ဆရာဝန်ရဲ့ တာဝန် မဟုတ်တော့ပါဘူး။ သူက နေမကောင်းမှ ကုမယ်။ ကိုယ့်ကိုကိုယ် ကျန်းမာအောင်နေဖို့က လူနာရဲ့ responsibility ဖြစ်သွားပြီ။ ဆရာဝန်ကို အလုံးစုံ ပုံအပ်လို့ မရတော့ဘူး။ အဲဒီစနစ်မှာ ပြည်သူတွေ ရောဂါဘယ ကင်းဝေးအောင် ကာကွယ်ပေးဖို့၊ သတင်းပေးဖို့၊ နှိုးဆော်ပေးဖို့ ပညာရပ်တစ်ခု ပေါ်ထွက်လာပါတယ်။ အဲဒါကတော့ public health ပါပဲခင်ဗျာ။ public health ပြည်သူ့ကျန်းမာရေး ဘာသာရပ်ကသာ ပြည်သူအများစုရဲ့ ကျန်းမာရေး အဆင့်အတန်းမြင့်မားစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဘွဲ့တွေ တစီတတန်းကြီးရပြီး လူနာတွေ ကြိတ်ကြိတ်တိုးနေတဲ့ အထူးကု ဆရာဝန် ကြီးတွေက မလုပ်ဆောင်နိုင်ပါဘူး။ သူတို့က လူနာအနည်းငယ်ကိုသာ စောင့်ရှောက်နိုင်ပါလိမ့်မယ်။ public health အကြောင်းကို နောက်တစ်ပတ်မှ ထပ်ပြီး ဖော်ပြပေးပါ့မယ်။
Posted by
ziwakka
2
comments
Labels: Health Awareness, Public health